The network connection is lost.

Banner Image

အာမိုရင်ကိုထုတ်ပယ်လိုက်တာက ယူနိုက်တက်အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဝန်ခံလာတဲ့ ဖာနန်ဒက်စ်

မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ရူဘင်အာမိုရင်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဟာ ကလပ်အသင်းအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့တာပါ။ အသက် ၄၁ နှစ်အရွယ် အာမိုရင်ဟာ ၁၄ လကြာ အသင်းကို တာဝန်ယူခဲ့စဉ်အတွင်း ရလဒ်တွေ အလွန်ဆိုးရွားခဲ့တာကြောင့် ဇန်နဝါရီလမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး သူ့ရဲ့နေရာမှာ အသင်းကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်နဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။

ကာရစ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ အခြေအနေတွေကို အကောင်းဆုံး ပြောင်းလဲပေးနိုင်ခဲ့ပြီး အသင်းကို အမှတ်ပေးဇယား အဆင့် ၃ နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အားလုံးကို အံ့အားသင့်စေခဲ့သူ ဖြစ်ပါတယ်။ ဘောလုံးစာရေးဆရာများအဖွဲ့ (FWA) ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို လက်ခံရယူအပြီးမှာ ကာရစ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ ဖာနန်ဒက်စ်က Sky Sports News ကို အခုလို ပြောပြခဲ့ပါတယ်။

"အပြောင်းအလဲလုပ်ခဲ့တဲ့ အချိန်တုန်းက ကျွန်တော်တို့ ဒီရာသီမှာ ရယူချင်နေတဲ့ ထိပ်တန်း အဆင့် ၄ အတွင်းဝင်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ သိပ်ပြီး မဝေးတော့တဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အကြောင်းအမျိုးမျိုးကြောင့် အသင်းမှာ အပြောင်းအလဲတစ်ခု လုပ်ဖို့ လိုအပ်နေခဲ့တာပါ။ အဲဒီအကြောင်းအရင်းတွေကိုတော့ ကျွန်တော် အခု အသေးစိတ် မပြောချင်တော့ပါဘူး။ ကျွန်တော်နဲ့ နည်းပြ (ကာရစ်) တို့ အရင်က စကားပြောဖြစ်ခဲ့ကြတုန်းကလည်း ကျွန်တော်တို့ အခုထက် ပိုကောင်းအောင် ကစားနိုင်တယ်၊ ပိုကောင်းအောင်လည်း ကစားချင်တယ်လို့ ပြောခဲ့ကြပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အဆင့်အတန်းမျိုးဆီကို အပြည့်အဝ မရောက်သေးပေမဲ့ သူ ရောက်လာကတည်းက ရရှိခဲ့တဲ့ ရလဒ်တွေကို ကြည့်ရင် ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်း ဖြစ်ခဲ့တယ်ဆိုတာ သက်သေပြနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။