ဆက်တိုက်ချန်ပီယံဆုတွေ ရယူပေးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ် ဘာစီလိုနာနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး
ဘာစီလိုနာအသင်းဟာ နည်းပြ ဟန်ဆီဖလစ်ကို ၂၀၂၈ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။ ဖလစ်ဟာ ဘာစီလိုနာနဲ့အတူ နှစ်နှစ်အတွင်းမှာ ဆုဖလား ၅ လုံးအထိ ဆွတ်ခူးပေးထားနိုင်တာပါ။ ဂျာမန်လူမျိုးနည်းပြရဲ့ လုပ်ဆောင်ချက်တွေအပေါ် အသင်းက အလေးအနက် သဘောကျနေတာကြောင့် အခုလိုမျိုး နောက်ထပ် နှစ်နှစ်သက်တမ်းတိုးပေးလိုက်တာ ဖြစ်ပါတယ်။
"ကျွန်တော် တကယ်ကို ဝမ်းသာပါတယ်။ အသင်းက ကျွန်တော်နဲ့ ကျွန်တော့်အဖွဲ့သားတွေကို နောက်ထပ် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်အထိ ဆက်ပြီး လုပ်ကိုင်နိုင်ဖို့ ယုံကြည်မှု ပေးခဲ့ကြတယ်" လို့ ဖလစ်က အသင်းက သတင်းထုတ်ပြန်ခြင်းမပြုမီ နောက်ဆုံးပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ "တခြားနည်းပြတွေဆိုရင် သုံးနှစ်၊ လေးနှစ်လောက် စာချုပ်ချုပ်ရရင် ပျော်ကြမှာပါ။ ဒါပေမဲ့ ဘာစီလိုနာလို အသင်းမျိုးမှာတော့ အချိန်အတိုင်းအတာတစ်ခုထိပဲ ကန့်သတ်ထားတာက ပိုကောင်းပါတယ်။ ကျွန်တော်တို့ ၂၀၂၈ အထိ ဆက်သွားမယ်၊ အရာအားလုံး အဆင်ပြေနေမယ်ဆိုရင်တော့ နောက်ထပ်တစ်နှစ် ဆက်နေဖို့ ဆုံးဖြတ်သွားမှာပါ" လို့ သူက ဆိုပါတယ်။
အခုတော့ ဖလစ်က စာချုပ်မှာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း အသင်းဘက်က အတည်ပြုလိုက်ပြီဖြစ်လို့ ပရိသတ်တွေအတွက်တော့ တကယ့်ကို ဝမ်းသာစရာပါပဲ။ "FC ဘာစီလိုနာနဲ့ ဟန်ဆီဖလစ်တို့ဟာ ၂၀၂၈ ခုနှစ် ဇွန်လ ၃၀ ရက်အထိ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒီစာချုပ်မှာ နောက်ထပ်တစ်နှစ် ထပ်တိုးနိုင်မယ့် အခွင့်အရေးလည်း ပါဝင်ပါတယ်" လို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ တနင်္လာနေ့မှာ ပြုလုပ်တဲ့ စာချုပ်လက်မှတ်ရေးထိုးပွဲကို အသင်းဥက္ကဋ္ဌ ရာဖာယုစတေး၊ ဘောလုံးရေးရာဒါရိုက်တာ ဒီကိုနဲ့ တခြား အားကစားကော်မရှင်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြသလို ဥက္ကဋ္ဌအသစ်အဖြစ် ရွေးချယ်ခံထားရတဲ့ ဂျိုအန်လာပေါ်တာလည်း တက်ရောက်ခဲ့ပါတယ်။
ဘာစီလိုနာဟာ ပြီးခဲ့တဲ့အပတ်ကတည်းက ပွဲစဉ် ၃ ပွဲအလိုမှာတင် ချန်ပီယံဆုကို အပိုင်ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီတစ်ပတ်ပွဲစဉ်မှာသာ ထပ်နိုင်မယ်ဆိုရင် ရမှတ် ၉၇ မှတ်နဲ့ ရာသီပိတ်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ ဖလစ်ဟာ ၂၀၂၄ နွေရာသီမှာ ဇာဗီဟာနန်ဒက်စ်ရဲ့နေရာကို အစားထိုးဖို့ ရောက်ရှိလာခဲ့တာပါ။ သူဟာ အသင်းနဲ့အတူ အောင်မြင်မှုတွေ အများကြီး ရယူပေးနိုင်ခဲ့သူဖြစ်ပြီး အခုလို နောက်ထပ် နှစ်နှစ်ဆက်နေမှာက ဘာစီလိုနာကို ပိုပြီးတောင့်တင်းစေမှာ သေချာပါတယ်။