ရော်နယ်လ်ဒိုရဲ့ ကျောနံပါတ်ကို မယူချင်ခဲ့တဲ့ အကြောင်းရင်းကို ဟာဇက် ဖွင့်ဟ
အီဒင်ဟာဇတ်က သူ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာချိန်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကျောနံပါတ်ကို ဘာကြောင့် မလိုချင်ခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကို ပြောပြလာပါတယ်။
ဟာဇတ်ဟာ ချဲလ်ဆီးအသင်းမှာ ၇ နှစ်ကြာ ကစားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာခဲ့တာပါ။ ၂၀၂၃ အောက်တိုဘာလမှာ ဘောလုံးလောကကနေ အနားယူခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် ဟာဇတ်ဟာ စပိန်မြေမှာ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘဲ ခေတ်သစ်သမိုင်းတစ်လျှောက် ကလပ်ရဲ့ အဆိုးရွားဆုံး ခေါ်ယူမှုတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ စိတ်ပျက်စရာကောင်းတဲ့ ပြောင်းရွှေ့မှု ဖြစ်ခဲ့ပေမဲ့ သူရောက်ရှိလာချိန်မှာတော့ အားလုံးက အများကြီး မျှော်လင့်ခဲ့ကြသလို အသင်းမှာ အောင်မြင်လိမ့်မယ်လို့လည်း ယူဆခဲ့ကြပါတယ်။ ဒါကြောင့်လည်း လူအများက သူ့ကို ရော်နယ်လ်ဒိုရဲ့ နေရာမှာ အစားထိုးမယ့်သူလို့ မျှော်လင့်ခဲ့ကြတာဖြစ်ပြီး သူကိုယ်တိုင်ကတော့ အဲ့ဒီလို ရည်ရွယ်ချက်မျိုး တစ်ခါမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
"ရီးရဲလ်မက်ဒရစ်မှာ ခရစ္စတီယာနိုရဲ့ အရိုက်အရာကို ဆက်ခံရတာက ကျွန်တော့်အတွက် ဖိအားတစ်ခု မဟုတ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်အမြင်မှာ သူ့နေရာကို အစားထိုးဖို့ ရောက်လာတာ မဟုတ်လို့ပါ။ မီဒီယာတွေကသာ 'သူဟာ ရော်နယ်လ်ဒို နေရာမှာ အစားထိုးမယ့်သူ' လို့ ပြောခဲ့ကြတာပါ။ ကျွန်တော့်ရဲ့ ကစားဟန်က သူနဲ့ လုံးဝကွဲပြားတယ်လို့ ထင်ပါတယ်။ တစ်နှစ်ကို ဂိုး ၆၀ ဒါမှမဟုတ် ၇၀ လောက် ကျွန်တော် မသွင်းနိုင်ပါဘူး။ တကယ်တော့ ကျွန်တော့်ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံးမှာတောင် အဲ့ဒီလောက်အရေအတွက်အထိ မသွင်းဖူးပါဘူး။ ကျွန်တော်က အီဒင်ဟာဇတ် ပုံစံအတိုင်း ကစားဖို့ပဲ အဲ့ဒီကို သွားခဲ့တာပါ၊ ရော်နယ်လ်ဒိုကို အစားထိုးဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမြဲတမ်း ဖြစ်လေ့ရှိသလိုပဲ အရာအားလုံးက အဆင်မပြေခဲ့ပါဘူး။ ကျွန်တော် ကျောနံပါတ် ၇ ကို မလိုချင်ခဲ့ပါဘူး။ လူကာ မိုဒရစ်ရဲ့ ကျောနံပါတ် ၁၀ ကိုပဲ လိုချင်ခဲ့တာပါ။ သူက 'ရော့၊ ယူလိုက်' လို့ ပြောမယ်လို့ ထင်ခဲ့ပေမဲ့ သူက ကျွန်တော့်ကို မပေးခဲ့ပါဘူး" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
မက်ဒရစ်မှာ ကုန်ဆုံးခဲ့တဲ့ လေးနှစ်အတွင်း သူဟာ ပွဲပေါင်း ၇၆ ပွဲသာ ကစားခဲ့ရပြီး ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုရဲ့ နေရာကို အစားထိုးဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူးဆိုရင်တောင် ဒါဟာ သူကိုယ်တိုင် မေ့ပစ်ချင်စရာကောင်းတဲ့ အချိန်ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။