The network connection is lost.

Banner Image

အာဆင်နယ်အတွက် ဂုဏ်ပြုစကားပေးပို့ခဲ့တဲ့ ဆီဘယ်လော့စ်

ဒါနီ ဆီဘယ်လော့စ်ဟာ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံအောင်ပွဲအတွက် ဂုဏ်ပြုစကားပြောကြားခဲ့သလို နည်းပြ မီကယ်အာတီတာကိုလည်း အထူးတလည် ချီးကျူးခဲ့ပါတယ်။

ဆီဘယ်လော့စ်ဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းထံ တစ်ရာသီအငှားစာချုပ်နဲ့ စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး နောက်တစ်နှစ်မှာလည်း နောက်ထပ်တစ်ကြိမ် အငှားသက်တမ်းတိုးကာ ကစားခဲ့သူ ဖြစ်ပါတယ်။

အာတီတာကပဲ ဒီစပိန်ကွင်းလယ်လူကို အမ်းမရိတ်ကွင်းဆီ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပြီး သူဟာ အသင်းအတွက် ၇၇ ပွဲကစားပေးရာမှာ ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ အသက် ၂၉ နှစ်အရွယ် ဆီဘယ်လော့စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ရှိနေဆဲဖြစ်ပြီး နည်းပြတွေရဲ့ ပွဲထုတ်မှု နည်းပါးတာကြောင့် ဒီရာသီ လာလီဂါပွဲစဉ် ၁၅ ပွဲမှာသာ ပါဝင်ကစားခွင့်ရထားပါတယ်။ အခုအခါမှာတော့ သူက ဆိုရှယ်မီဒီယာကနေတစ်ဆင့် အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ အောင်ပွဲအတွက် ဂုဏ်ပြုစကား ဆိုလာခဲ့တာပါ။

မန်စီးတီးအသင်းက ဘုန်းမောက်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ ၂၂ နှစ်ကြာ ရှည်လျားလှတဲ့ ချန်ပီယံအိပ်မက်ဟာ အဆုံးသတ်ပြီး အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ ဆီဘယ်လော့စ်က "ပရီးမီးယားလိဂ်ဖလား ရရှိခဲ့တဲ့ အာဆင်နယ်အသင်း၊ ကစားသမားတွေနဲ့ ပရိသတ်တွေအားလုံးကို ဂုဏ်ယူပါတယ်။ အထူးသဖြင့် မီကယ်အာတီတာ အတွက်ပါ။ ဆရာဟာ အသင်းအပေါ် အမြဲတမ်း ယုံကြည်မှုရှိခဲ့ပြီး ဒါကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်သူ့ထက်မဆို ပိုပြီး ကြိုးစားခဲ့သူပါ။ ဆရာနဲ့ ထိုက်တန်ပါတယ် ဆရာ။ ဂုဏ်ယူပါတယ် အာဆင်နယ်မိသားစု @Arsenal" လို့ ရေးသားခဲ့ပါတယ်။

အာတီတာကတော့ ဆီဘယ်လော့စ် အသင်းမှာရှိစဉ်တုန်းက "တိရစ္ဆာန်တစ်ကောင်လို အသေအလဲ လေ့ကျင့်သူ" လို့ တစ်ချိန်က ချီးကျူးပြောဆိုခဲ့ဖူးပြီး အာဆင်နယ်ပရိသတ်တွေကလည်း ဆီဘယ်လော့စ်ရဲ့ ကြိုးစားအားထုတ်မှုတွေကို အမြဲတမ်း အသိအမှတ်ပြု တန်ဖိုးထားနေမှာ ဖြစ်ပါတယ်။