The network connection is lost.

Banner Image

ဘင်ဖီကာနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ အာမိုရင်

ရူဘင်အာမိုရင်ဟာ မော်ရင်ဟို ထွက်ခွာတော့မယ့် ဘင်ဖီကာအသင်းရဲ့ နည်းပြရာထူးကို မျက်စိကျနေပြီး နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာဖို့ ရှိနေပါတယ်။

အသက် ၄၁ နှစ်အရွယ် ပေါ်တူဂီလူမျိုးနည်းပြဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ အဲရစ်တန်ဟက်ဂ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ခဲ့ပြီး ၁၄ လကြာ တာဝန်ယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာပါ။

အာမိုရင်ဟာ မန်ယူအသင်းမှာ မအောင်မြင်ခဲ့ပေမဲ့ သူ့ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ မိုက်ကယ်ကားရစ်ကတော့ အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပါတယ်။ စပို့တင်းနည်းပြဟောင်း (အာမိုရင်) လက်ထက်တုန်းက မဖြစ်နိုင်တော့ဘူးလို့ ထင်မှတ်ခဲ့ရတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ကားရစ်က အရယူပေးနိုင်ခဲ့ပါတယ်။

အခုအခါမှာတော့ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုက လာမယ့်လတွေအတွင်း ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြန်သွားတော့မှာဖြစ်လို့ ဘင်ဖီကာအသင်းက အာမိုရင်ကို သူတို့ရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အာမိုရင်ဟာ ပရီးမီးယားလိဂ်ကို မပြောင်းခင်က ပေါ်တူဂီကလပ် စပို့တင်းအသင်းနဲ့အတူ ပေါ်တူဂီလိဂ်ဖလား နှစ်လုံးဆွတ်ခူးနိုင်ခဲ့ပြီး နည်းပြလောကမှာ နာမည်ကျော်လာခဲ့သူ ဖြစ်ပါတယ်။ ၎င်းဟာ ဘင်ဖီကာအသင်းမှာ ကစားသမားဘဝနဲ့ ကစားခဲ့ဖူးပြီး ၂၀၁၇ ခုနှစ်မှာ အဲဒီကလပ်မှာပဲ အနားယူခဲ့တာကြောင့် အသင်းအကြောင်းရော၊ သူ ကျွမ်းကျင်ပြီးသားဖြစ်တဲ့ ပေါ်တူဂီလိဂ်အကြောင်းကိုပါ ကောင်းကောင်းကြီး သိကျွမ်းထားသူပါ။

မော်ရင်ဟိုကတော့ ဘင်ဖီကာအသင်းကို ရှုံးပွဲမရှိစံချိန်နဲ့ အဆင့် (၃) နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် စပိန်မြေကို ပြန်သွားဖို့ ဆန္ဒရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ မော်ရင်ဟိုတို့ကြားမှာလည်း သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်ယူအသင်းကနေ ထွက်ခွာပြီးကတည်းက လူမြင်ကွင်းကနေ အသံတိတ်နေတဲ့ အာမိုရင်ဟာ ရာသီသစ်မစခင်မှာ သူ့ရဲ့ရွေးချယ်စရာတွေကို သေချာစဉ်းစားနေပုံရပြီး ဘင်ဖီကာအသင်းကတော့ လာမယ့်လတွေအတွင်း သူ့ကိုခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာတော့မှာ ဖြစ်ပါတယ်။