နာမည်ကြီးကစားသမားနှစ်ဦးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်လိုက်တဲ့ ဘာစီလိုနာ
မန်စီးတီးအသင်းရဲ့ ဘာနာဒိုဆေးလ်ဗားနဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ်တို့ကို ဒီနွေရာသီမှာ ခေါ်ယူဖို့ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို ဘာစီလိုနာဘက်က ပယ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၃၁ နှစ်အရွယ် ဆေးလ်ဗားဟာ နည်းပြ ဂွါဒီယိုလာ ထွက်ခွာပြီးနောက်ပိုင်း မန်စီးတီးကနေ ထွက်ခွာမယ့် အဓိကကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဗလာဟိုဗစ်ကလည်း ဂျူဗင်တပ်နဲ့ စာချုပ်သစ်ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်နေတာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်ခြေ ရှိနေသူပါ။
သတင်းထောက် Sique Rodriguez ရဲ့ ပြောကြားချက်အရ အဆိုပါကစားသမားနှစ်ဦးလုံးကို ဘာစီလိုနာဆီ ကမ်းလှမ်းခဲ့ပေမဲ့ လာလီဂါချန်ပီယံအသင်းကတော့ စိတ်ဝင်စားခြင်း မရှိပါဘူး။ နည်းပြ ဟန်ဆီဖလစ်ရဲ့ အသင်းဟာ လက်ရှိ ကွင်းလယ်ပိုင်းအင်အားအပေါ် ကျေနပ်မှုရှိနေတာကြောင့် ဆေးလ်ဗားကို ထပ်တိုးခေါ်ယူဖို့ မလိုအပ်ဘူးလို့ ယူဆထားကြပါတယ်။
တိုက်စစ်မှူးနေရာအတွက်ဆိုရင်လည်း ဘာစီလိုနာဟာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့ ရှာဖွေနေပေမဲ့ ဗလာဟိုဗစ်ဟာ သူတို့ရဲ့ ဦးစားပေးစာရင်းမှာ မပါဝင်ပါဘူး။ သူ့အစား ဂျူလီယန် အယ်လ်ဗာရက်ဇ်နဲ့ ဂျိုအာအို ပက်ဒရိုတို့ကိုသာ ခေါ်ယူဖို့ အဓိကထား စောင့်ကြည့်နေတာ ဖြစ်ပါတယ်။