
ပြိုင်ဘက်ဂိုးဧရိယာထဲမှာ အခုထက်ပိုပြီး ထက်မြက်ရမယ်လို့ ကစားသမားတွေကို တိုက်တွန်းလာတဲ့ အာမိုရင်
ယနေ့နံနက်က ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ပထမအကျော့ပွဲစဉ်မှာ စပိန်ကလပ်ရီးရဲလ်ဆိုစီဒက်ကို ၁-၁ နဲ့သရေကျခဲ့ပြီးနောက် ပွဲအပြီးမှာ ယူနိုက်တက်နည်းပြရူဘင်အာမိုရင် အသင်းရဲ့ကစားသမားတွေအနေနဲ့ ပြိုင်ဘက်ရဲ့ဂိုးဧရိယာထဲမှာ အခုထက်ပိုပြီး ထက်မြက်ဖို့လိုအပ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ဒုတိယပိုင်းစတင်ပြီး ၁၃ မိနစ်အကြာမှာ တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီက စတင်သွင်းယူပေးခဲ့ပေမယ့် ရီးရဲလ်ဆိုစီဒက်အတွက် မီခေးလ်အိုယာဇာဘယ်က ပင်နယ်တီမှတစ်ဆင့် ပြန်လည်ချေပခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ နိုင်ပွဲရရှိဖို့ အခွင့်အရေးတွေထပ်မံရရှိခဲ့ပေမယ့် တိုက်စစ်ကအသုံးမချနိုင်ခဲ့တာကြောင့် ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာ အနိုင်ရလဒ်ကို ဖန်တီးသွားဖို့လိုအပ်နေပါတယ်။
ပွဲအပြီးမှာ အာမိုရင်က "ကျွန်တော်တို့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးပေါက်ကိုကန်သွင်းနိုင်ခဲ့ခြင်းမရှိလို့ ဂိုးရနိုင်ချေကိုတိုင်းတာတဲ့ xG မှာတော့ အချက်အလက်တွေမြင်ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် အခွင့်အရေးကောင်းတွေရှိခဲ့တယ်ဆိုတာ မြင်တွေ့ရမှာပါ"
"အသင်းမှာ တိုက်စစ်ဆင်မှုတွေအများကြီးရှိခဲ့ပါတယ်။ အခြေအနေကောင်းတွေဖန်တီးနိုင်ခဲ့ပေမယ့်တစ်စုံတစ်ခုကတော့ ပျောက်ဆုံးနေခဲ့ပါတယ်။ အထူးသဖြင့် ဒီလိုပွဲတွေမှာ ဂိုးတွေပိုလိုအပ်ပြီး ပြောင်းလဲမှုတစ်ခုကို လုပ်နိုင်ခဲ့သင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ ဟွိုက်လန်းဟာ ယခုပွဲစဉ်မှာ အသင်းဖော်နောက်ခံလူ ဒီယေဂိုဒါလော့ကို ဘောလုံးမပေးလို့ အော်ဟစ်ကြိမ်းမောင်းမှုတွေပြုလုပ်ခဲ့ပါတယ်။
ပထမပိုင်းပွဲကစားချိန်အတွင်း လူကပ်ခံထားရခြင်းမရှိတဲ့ ဟွိုက်လန်းဟာ ဆိုစီဒက်ရဲ့ဂိုးဧရိယာထဲသို့ အရှိန်နဲ့ပြေးနေချိန် ဒါလော့ထံမှ ဖြတ်တင်ဘောလှမ်းတောင်းခဲ့ရာမှာ ပေါ်တူဂီသားက ပေးပို့ခြင်းမရှိဘဲ အခြားအသင်းဖော်ထံသို့သာ ဘောလုံးပေးပို့ခဲ့ပါတယ်။ ဒါကြောင့် ဟွိုက်လန်းအနေနဲ့ အတော်လေးဒေါသအိုးပေါက်ကွဲခဲ့ပြီး ဘောလုံးမပေးတဲ့ဒါလော့ကို အော်ဟစ်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။ နည်းပြဟောင်း အဲရစ်တန်ဟက်လက်မှာကတည်းက ဟွိုက်လန်းဟာ သူ့ကို အသင်းဖော်တွေက ဘောလုံးပေးပို့မှုမပြုလုပ်ကြောင်း ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။
ဟွိုက်လန်းရဲ့အပြုအမူနဲ့ပတ်သက်ပြီး အာမိုရင်က "သေချာတာတစ်ခုကတော့ ဒီပွဲမှာ ကျွန်တော်တို့ကစားသမားတွေ အနိုင်ရဖို့နဲ့ ဂိုးသွင်းနိုင်ဖို့ အတော်လေးဆန္ဒစောနေပါတယ်။ ဒါကြောင့် အကောင်းဆုံးလုပ်နေရင်းနဲ့ ဆုံးဖြတ်ချက်တွေမှားနိုင်ပါတယ်။ ဟွိုက်လန်းကလည်း ကောင်းကောင်းကစားခဲ့သလို၊ ဒါလော့ကလည်း အရမ်းကောင်းခဲ့ပါတယ်။အရေးကြီးတာက ဒီလိုဖြစ်ရပ်တွေကို ကျော်လွှားသွားနိုင်ဖို့ပါပဲ။ ဒါကိုကျော်လွှားပြီး နောက်ထပ်အခွင့်အရေးတွေဖန်တီးကြဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခါးသီးတဲ့ပြိုင်ဘက် အာဆင်နယ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နောက်အပတ်ကြားရက်ထဲမှာတော့ ဆိုစီဒက်နဲ့ ဒုတိယအကျော့ပွဲစဉ်ကစားသွားရပါမယ်။