ဘိုင်ယန်မြူးနစ်ကို အနိုင်ရရှိတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး အားရကျေနပ်နေတဲ့ အာတီတာ
ဒီနေ့မနက်ပိုင်း၊ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာ ဥရောပရဲ့အကောင်းဆုံးကလပ်အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းလာပြီးနောက် နည်းပြအာတီတာက သူ့ရဲ့အာဆင်နယ်ကစားသမားတွေကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ဂန်နားတွေက အခုပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်တွေမှာ ထိုက်တန်တဲ့နိုင်ပွဲတစ်ခုဖော်ဆောင်နိုင်ဖို့ ဥရောပချန်ပီယံဆုခြောက်ကြိမ်ရှင်တွေကို အပြည့်အဝလွှမ်းမိုးကစားသွားခဲ့ပါတယ်။ အခုအချိန်မှာတော့ မြောက်လန်ဒန်သားတွေက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ငါးပွဲကစား၊ ငါးပွဲအနိုင်ရရှိပြီး နောက်ဆုံး ၁၆-သင်းရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းနိုင်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်လာပါတယ်။
သူတို့တွေက ချန်ပီယံလိဂ်လေးပွဲဆက်အနိုင်ရရှိကာ လန်ဒန်မြို့ဆီချီတက်လာတဲ့ ဘွန်ဒက်စ်လီဂါဦးဆောင်သူ ဘိုင်ယန်မြူးနစ်အပါအဝင် ကလပ်အသင်းအများစုကို အနည်းဆုံးသုံးမှတ်အထိ အသာစီးရရှိထားပါတယ်။ ဝမ်းသာအားရဖြစ်နေတဲ့ အာတီတာက “ ကျွန်တော့်အမြင်အရ ဥရောပရဲ့အကောင်းဆုံးအသင်းနဲ့ရင်ဆိုင်ရချိန် အံ့မခန်းပွဲစဉ်တစ်ခု ကစားနိုင်ခဲ့လို့ ကျွန်တော့်တို့ရဲ့ကစားသမားတွေကို ကျွန်တော်ကိုယ်တိုင် ချီးကျူးဂုဏ်ပြုပေးရပါမယ်။ တစ်ဦးချင်းအနေနဲ့လည်း ပြိုင်ဘက်အသင်းယူဆောင်လာတဲ့ စိန်ခေါ်မှုအားလုံးကို ဖြေရှင်းပေးနိုင်ဖို့ ကျွန်တော်တို့တွေ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး စပိန်သားက “ ကျွန်တော်တို့အတွက် ရမှတ်ကွာဟချက် အရမ်းနည်းပါးနေတုန်းပဲဆိုတာကို သိပါတယ်။ ကျွန်တော်တို့က အခုသီတင်းပတ်၊ အိမ်ကွင်းမှာ တော့တင်ဟမ်ကို အနိုင်ယူပြီး အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။ ဒီနေ့မှာလည်း နောက်ထပ်ကြီးမားတဲ့နိုင်ပွဲတစ်ခု ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက်ပါပဲ။ အခုတော့ အိမ်ပြန်ပြီး ညစာကောင်းကောင်းစားမယ်၊ မနက်ဖြန်မနက်ကျရင် ချဲလ်ဆီးနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်အတွက် ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်သွားပါမယ်”လို့ ပြောပါတယ်။
အလားတူ အာတီတာက အခုနိုင်ပွဲနဲ့အတူ ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့်ဆီ မြန်မြန်ဆန်ဆန်တက်ရောက်နိုင်မယ်ဆိုရင် အလွန်အသုံးဝင်လိမ့်မယ်လို့ သုံးသပ်ခဲ့ပေမယ့် ခက်ခဲတဲ့စိန်ခေါ်မှုတွေလည်း စောင့်ကြိုနေတယ်လို့ သတိပေးခဲ့ပါတယ်။ သူက “ကွင်းတွင်းမှာ ကျွန်တော်တို့ဖန်တီးနိုင်ခဲ့တဲ့ စွမ်းအင်၊ အသင်းကိုယ်တိုင်ယူဆောင်ပေးလာတဲ့ ခွန်အားနဲ့ ကျွန်တော်တို့ကစားသွားတဲ့အရည်အသွေးတွေက အံ့မခန်းပါပဲ။ အခုအချိန်က ဘောလုံးရာသီရဲ့အစောပိုင်းကာလမှာပဲ ရှိသေးလို့ ဒီပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းထားရပါမယ်”လို့ ဆိုပါတယ်။
အာဆင်နယ်က ပရီးမီးယားလိဂ်ဒုတိယနေရာမှာ နောက်ဆုံးသုံးရာသီဆက်ရပ်တည်ခဲ့မှုနဲ့အတူ အကောင်းဆုံးပြန်လာနေပြီဆိုတဲ့ ခံစားချက်တွေလည်း တိုးပွားလာနေပါတယ်။ ဒါပေမယ့် အာတီတာကတော့ လတ်တလောပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာရှိ ပုံစံကောင်းပြသနေတဲ့ချဲလ်ဆီးနဲ့ ရင်ဆိုင်ရဖို့ရှိနေချိန် ပြင်ဆင်မှုတွေကို ချက်ချင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားတွေဖြစ်တဲ့ မာဒူကီ၊ မာတင်နယ်လီတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့မှု ကို ကြည့်ခြင်းအားဖြင့် အာဆင်နယ်အသင်းရဲ့လူစာရင်းပိုင်းအင်အားတောင့်တင်းမှု ကို မြင်တွေ့ရပါလိမ့်မယ်။ လတ်တလောမှာ ဂန်းနားတွေက မာဂယ်လ်ဟေးစ်၊ ကိုင်ဟားဗက်ဇ်နဲ့ ယောကရက်စ်တို့လို စီနီယာကစားသမားတွေကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်ထားရပါတယ်။
အာတီတာက “ ကစားသမားတွေကို ကျွန်တော်ကြည့်လိုက်တော့ သူတို့အားလုံး ပွဲကိုပြောင်းလဲပေးနိုင်စွမ်းရှိတယ်ဆိုတာ မြင်တွေ့ရပါတယ်။ ဒါကပဲ လုပ်ကိုလုပ်ရမယ့်အရာ ဖြစ်ပါတယ်။ ဒီလိုအဆင့်မျိုးမှာ ကျွန်တော်တို့က အရည်အသွေးပိုင်းသာမက ကစားသမားတွေရဲ့အတွေးအခေါ်ပိုင်းကိုပါ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ခြားနားချက်တစ်ခုကို ဖန်တီးပေးပါတယ်”လို့ ပြောပါတယ်။