
အန်ဖီးလ်မှာ လီဗာပူးကိုနိုင်ဖို့ သူ့အတွက် ၈ နှစ်လောက်အထိအချိန်ယူခဲ့ရကြောင်း ပြောကြားလာတဲ့ ဒါလော့
မန်ချက်စတာယူနိုက်နောက်ခံလူ ဒီယေဂိုဒါလော့ဟာ သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် လီဗာပူးကို အန်ဖီးလ်အားကစားကွင်းကြီးမှာ တစ်ကြိမ် အနိုင်ယူဖို့အတွက် ၈ နှစ်လောက်အထိ ကြာမြင့်ခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
တနင်္ဂနွေနေ့က လီဗာပူးကို ၁-၂ နဲ့အနိုင်ရရှိခဲ့ခြင်းဟာ ယူနိုက်တက်နည်းပြသက်တမ်းတစ်လျှောက် အာမိုရင်ရဲ့ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ၂ ပွဲဆက်နိုင်ပွဲဖြစ်ခဲ့သလို၊ ယူနိုက်တက်အနေနဲ့လည်း ၂၀၁၆ ခုနှစ်နောက်ပိုင်း အန်ဖီးလ်မှာပထမဆုံးအကြိမ် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
မကြာသေးမီက အာမိုရင်ဟာ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခံရတော့မယ်လို့ ကောလာဟလတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားခဲ့တာဖြစ်ပေမယ့် ယခုအခါ လီဗာပူးကို အနိုင်ရရှိခဲ့တာကြောင့် ပေါ်တူဂီသားရဲ့ အိုးလ်ထရက်ဖို့ဒ်အနာဂတ်ဟာ တည်ငြိမ်နေပြီလည်းဖြစ်ပါတယ်။
အာမိုရင်အနေနဲ့ ၂ ပွဲဆက်အနိုင်ကြောင့် ဖိအားတွေအတော်များများလျော့ပါးသွားခဲ့သလို၊ ယခုအခါမှာ ဒါလော့ကလည်း သူ့အနေနဲ့ အခုလို လီဗာပူးကို အန်ဖီးလ်မှာအနိုင်ရခဲ့ခြင်းဟာ ၈ နှစ်တာ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်တာကြောင့် အလွန်ပျော်ရွှင်မိကြောင်း ပြောကြားလာခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်နောက်ခံလူက "ကျွန်တော်တို့ အဝတ်လဲခန်းထဲမှာ ဘယ်လိုတွေအောင်ပွဲခံနေကြလဲ အားလုံးပဲ မြင်ယောင်မိကြမှာပါ။ ကျွန်တော့်အတွက် အန်ဖီးလ်မှာ တစ်ကြိမ်လေးအနိုင်ရဖို့ ၈ နှစ်လောက်အထိ ကြာခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာ ပါဝင်ကစားခဲ့တဲ့ ကစားသမားတွေအားလုံးအတွက် ဂုဏ်ယူမိပါတယ်။ ပြီးတော့ အသင်းရဲ့ဝန်ထမ်းတွေနဲ့ အရန်ခုံက ကစားသမားတွေကလည်း ဒီနိုင်ပွဲအတွက် အရေးပါတဲ့သူတွေပါ။ ပရိသတ်တွေအတွက် အရမ်းလှပတဲ့နေ့ရက်ဖြစ်သလို၊ ဒီနေ့မှာ အားလုံးပျော်ကြပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ယခုနိုင်ပွဲက သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် အကြီးမားဆုံးနိုင်ပွဲဖြစ်သလားလို့မေးမြန်းခဲ့ရာ ဒါလော့က "ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လက်ရှိခံစားနေရတဲ့ စိတ်ခံစားချက်အရဆိုရင်တော့ ဒီလိုပဲဖြေရမှာပါ။ ကျွန်တော်တို့ ၂ ပွဲဆက်အနိုင်နဲ့ ဖိအားတွေအားလုံးကို လျှော့ချနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ ဒီပွဲကလို စွမ်းဆောင်ရည်ကို ဆက်ထိန်းထားဖို့လိုပါတယ်။နောက်အပတ်ပွဲစဉ်မှာလည်း ဒီလိုပဲအောင်ပွဲခံနိုင်ဖို့ ကြိုးစားသွားပါမယ်"
"ဒီနေ့နိုင်ပွဲအတွက် အရမ်းပျော်ပါတယ်။ အသင်းအတွက် အရမ်းကောင်းမွန်တဲ့နေ့တစ်နေ့ပါပဲ။ ကျွန်တော်တို့ အခက်အခဲတွေအများကြီးကိုကျော်ဖြတ်ခဲ့ကြပြီး ဒီလိုနေ့မျိုးရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ယူနိုက်တက်ဟာ ဘရိုက်တန်၊ နော်တင်ဟမ်ဖောရက်စ်၊ တော့တင်ဟမ်တို့နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နည်းပြအာမိုရင်အနေနဲ့ နိုင်ပွဲဆက်နေမှု ကို ဆက်လက်အရှိန်မြှင့်တင်သွားဖို့ ကြိုးပမ်းသွားရပါမယ်။