The network connection is lost.

Banner Image

အာဆင်နယ်သို့ပြောင်းရွှေ့ဖို့ ဇနီးဖြစ်သူကို အသိမပေးခဲ့ကြောင်း ဖွင့်ဟလာတဲ့ ဂန်းနားကြယ်ပွင့်ဟောင်း

အာဆင်နယ်ကစားသမားဟောင်း နာချိုမွန်ရီရယ်က သူဟာ အာဆင်နယ်သို့ပြောင်းရွှေ့ခဲ့စဉ်က လက်မှတ်ထိုး စာချုပ်ချုပ်ဆိုဖို့ လျင်လျင်မြန်မြန်လုပ်ဆောင်ခဲ့ရတာကြောင့် ဇနီးဖြစ်သူကိုတောင် အသိပေးဖို့ အချိန်မရခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ မွန်ရီရယ်ဟာ ၂၀၁၃ ခုနှစ်မှာ မာလာဂါမှ အာဆင်နယ်သို့ စတင်ပြောင်းရွှေ့ခဲ့ပြီး အသင်းမှာ ၆ နှစ်ကျော်ကြာကစားခဲ့သူဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်နွေရာသီကာလမှာ အာဆင်နယ်ဟာ မွန်ရီရယ်ကို နွေရာသီနောက်ပိုင်းမှခေါ်ယူဖို့ စီစဉ်ထားခဲ့ပေမယ့် ကီရန်ဂစ် ဒဏ်ရာရရှိခဲ့သလို၊ အန်ဒရေးဆန်းတို့စ်ကလည်း ခြေစွမ်းကျဆင်းနေတာကြောင့် နွေရာသီမှာပဲ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ယခုအခါမှာ မွန်ရီရယ်က ထိုစဉ်ကအပြောင်းအရွှေ့ဟာ အလွန်လျင်လျင်မြန်မြန်ဖြစ်ပေါ်ခဲ့ကြောင်းကို "အဲဒီနေ့က ကျွန်တော်အိပ်ရာကနိုးတော့ ဆန်တီကာဇိုလာ ကျွန်တော့်ကို ဖုန်း ၂ ခါခေါ်ထားတာတွေ့လိုက်ပါတယ်"

"ကျွန်တော်လည်း အံ့အားသင့်ပြီး လေ့ကျင့်ရေးကွင်းရောက်တော့ သူ့ကို ဖုန်းပြန်ခေါ်လိုက်ပါတယ်။ ဘာဖြစ်လို့ စောစောစီးစီးဖုန်းခေါ်ထားတာလဲပေါ့။ သူက နာချို နာချို မင်း အာဆင်နယ်ကိုပြောင်းချင်လားလို့ အလောတကြီး မေးပါတယ်။ ကျွန်တော်ကလည်း ရုတ်တရက်ဆိုတော့ ဘာဖြစ်တာလဲပေါ့။ သူက အာစင်ဝင်းဂါးက ကျွန်တော်တို့ကိုခေါ်ချင်တယ်လို့ပြောပါတယ်။ ကျွန်တော်အစက မယုံခဲ့ပါဘူး။ ဒါပေမယ့် ကာဇိုလာက အတင်းပြောနေတော့ ကျွန်တော်လည်း ပြောင်းချင်ကြောင်းပြောလိုက်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အဆိုပါနေ့ရဲ့ လေ့ကျင့်ရေးအစီအစဉ်အပြီးမှာပဲ ထိုစဉ်က မာလာဂါရဲ့နည်းပြချုပ် မန်နူရယ်ပယ်လီဂရီနီက အာဆင်နယ်ထံမှ ကမ်းလှမ်းမှုရထားကြောင်း မွန်ရီရယ်ကို အတည်ပြုပြောကြားခဲ့ပြီး မွန်ရီရယ်ကလည်း ကမ်းလှမ်းမှုကို ချက်ချင်းပဲလက်ခံခဲ့ပါတယ်။ ဆက်လက်ပြီး မွန်ရီရယ်က "အာဆင်နယ်ရဲ့ကမ်းလှမ်းမှုကို လက်ခံပြီး ၃ နာရီအကြာမှာပဲကျွန်တော် လန်ဒန်ကိုရောက်နေပါပြီ။ ပြီးတော့ စာချုပ်မှာလက်မှတ်ထိုးတာပေါ့။ ကျွန်တော်ဒီလိုလုပ်လိုက်တာ ကျွန်တော့်ရဲ့ဇနီးမသိလိုက်ပါဘူး။ သူ့ကိုကျွန်တော်ဖုန်းတွေ ၉ ခါလောက်ခေါ်ခဲ့ပေမယ့် သူကအလုပ်ထဲမှာဆိုတော့ မကိုင်နိုင်ခဲ့ပါဘူး"

"သူအလုပ်ပြီးလို့ ကျွန်တော့်ကိုဖုန်းပြန်ခေါ်တော့ ကျွန်တော် လန်ဒန်ရောက်နေကြောင်းနဲ့ အာဆင်နယ်နဲ့ စာချုပ်ချုပ်လိုက်ကြောင်း ပြောပြလိုက်ပါတယ်။ သူ လန်ဒန်မှာနေချင်ရဲ့လားလို့ ကျွန်တော်မမေးခဲ့ပေမယ့် ကျွန်တော်နဲ့အတူ နေချင်မယ်ဆိုတာ ကျွန်တော်သိပြီးသားပါ" လို့ပြောကြားခဲ့ပါတယ်။ 

မွန်ရီရယ်ဟာ အာဆင်နယ်မှာကစားခဲ့တဲ့ ၆ နှစ်ကျော်ကြာကာလအတွင်း အက်ဖ်အေဖလား ၃ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၃ ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ထို့နောက်မှာတော့ ကစားသမားဟာ ရီးရဲလ်ဆိုစီဒက်သို့ပြောင်းရွှေ့ကာ ကိုပါဒယ်ရေးဖလားကို ဆွတ်ခူးပြီးနောက် အသက်-၃၆ နှစ်အရွယ် ၂၀၂၂ ခုနှစ်မှာ ဘောလုံးကစားသမားဘဝမှ အနားယူခဲ့ပါတယ်။