ကစားခွင့်ရဖို့ စောင့်ဆိုင်းရမှာဖြစ်ကြောင်း လူငယ်စတားကို အသိပေးလိုက်တဲ့ အလွန်ဆို
ရီးရဲလ်နည်းပြ အလွန်ဆိုက လူငယ်စတား အန်းဒရစ်ခ်တစ်ယောက် ပွဲကစားခွင့်မရတဲ့အပေါ် စိတ်ပျက်နေတာနဲ့ပတ်သက်ပြီး ပြောကြားလိုက်သလို အသက် ၁၉ နှစ်သားအနေနဲ့ အခွင့်အရေးရဖို့ စောင့်ဆိုင်းရမယ်လို့ ပြောကြားလိုက်ပါတယ်။ဘရာဇီးသားဟာ နည်းပြ အလွန်ဆိုလက်အောက်မှာ ပွဲဦးထွက်ပါဝင်ခွင့်မရသေးပဲ ဇန်နဝါရီမှာ အငှားထွက်နိုင်ချေရှိတယ်လို့ သတင်းကြီးနေပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက ဂျူဗင်တပ်စ်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဘရာဇီးသားအနေနဲ့ လူစားဝင်ကစားခွင့်မရသေးတာဖြစ်ပါတယ်။ အန်းဒရစ်ခ်အခြေအနေနဲ့ပတ်သက်ပြီး အလွန်ဆိုက သိရှိကြောင်းထုတ်ဖော်ပြောကြားခဲ့သလို အသင်းမှာနေရာရဖို့တိုက်ပွဲဝင်ရမှာဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။
“လူတိုင်းကစားချင်တယ်ဆိုတာ ရှင်းလင်းပါတယ်။ လူငယ်ကစားသမားတစ်ဦးဆိုပိုတောင်ကစားချင်ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့အားပြိုင်တာမျိုးလိုချင်ပါတယ်။ အဲ့တာက ပွဲအပေါ်မူတည်ပြီး ခက်ခဲနိုင်ပါတယ်။ သူ့အနေနဲ့ စိတ်ရှည်ဖို့ လိုအပ်သလို ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ရီးရဲလ်အခြေအနေကို သူသိသလို သူ့အချိန်ရောက်လာတော့မှာပါ”လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။
အသက် ၁၉ နှစ်သားဟာ ဇန်နဝါရီမှာ အငှားထွက်ခွာဖွယ်ရှိနေပြီး အခုနှစ်ရာသီမှာ တံကောက်ကြောဒဏ်ရာကနေပြန်လာပြီးကတည်းက အလွန်ဆိုလက်အောက်မှာ နေရာမရသေးတာဖြစ်ပါတယ်။ ရိုမာနိုရဲ့အဆိုအရ ရီးရဲလ်အနေနဲ့ ဘရာဇီးသားကို အငှားသီးသန့်သာစေလွှတ်မှာဖြစ်ပြီး အပြီးသတ်ရောင်းချမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
အန်းဒရစ်ခ်ကို ယူနိုက်တက် နဲ့ မာဆေးလ်အပါအဝင် အသင်းတော်တော်များများက အလိုရှိနေပါတယ်။ အဲ့ထဲမှာ ဆိုစီဒက်အသင်းက ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပြီး ရီးရဲလ်က သူ့ကိုလာလီဂါအတွေ့အကြုံပိုပေးချင်နေပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် အငှားထွက်ကစားချင်နေပြီး ပုံမှန်ကစားခွင့်ရချင်နေပါတယ်။ ဒါပေမယ့်လည်း အလွန်ဆိုရဲ့အစီအစဉ်ထဲမှာ အန်းဒရစ်ခ်က ပါဝင်နေဆဲဖြစ်တာကြောင့် အခွင့်အရေးကို စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။
“ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ အခုအပတ်အယ်လ်ကလက်ဆီကိုနဲ့ပွဲပါ။ ဒီအပတ်ကို စောင့်ကြည့်ရပါမယ်။ ကျွန်တော်တို့ ဘာစီလိုနာနဲ့ကန်ရမှာဖြစ်ပြီး အဲ့ပွဲက အဓိပ္ပာယ်အများကြီးရှိပါတယ်။ ကျွန်တော်တို့ သေချာလေးပြင်ဆင်ရပါမယ်။ ရလဒ်အပေါ်မူတည်ပြီး အဆင့်ရပ်တည်မှု ကို သက်ရောက်နိုင်ပါတယ်။ အလွန်ဆိုရဲ့ပြောကြားချက်ကြောင့် အန်းဒရစ်ခ်အနေနဲ့ လာမယ့်အယ်လ်ကလက်ဆီကိုပွဲမှာ အခွင့်အရေးရလာနိုင်ချေရှိနေတာဖြစ်ပါတယ်။