The network connection is lost.

Banner Image

ဖောရက်စ်နဲ့ပွဲမှ ဆက်စ်ကိုရဲ့ကစားပုံညံ့ဖျင်းမှုကို ဂယ်ရီနဗီးလ်ဝေဖန်

စနေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၂ နဲ့သရေကျပြီးနောက် မန်ချက်စတာယူနိုက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က အဆိုပါပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသလို၊ ခြေစွမ်းပိုင်းလည်းညံ့ဖျင်းခဲ့တဲ့ အသင်းရဲ့တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုကို ဝေဖန်ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာယူနိုက်တက်ဟာ ပထမပိုင်းအတွင်း ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးရဲ့ဂိုးနဲ့ ဖောရက်စ်ကိုဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းအစမှာတော့ ၂ မိနစ်အတွင်း ၂ ဂိုးအထိပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် ရှုံးနိမ့်ဖို့နီးစပ်ခဲ့ပါတယ်။ ဒုတိယပိုင်းအတွင်း ယူနိုက်တက်ဟာ အခွင့်အရေးတွေဖန်တီးဖို့ရုန်းကန်ခဲ့ရတာကြောင့် တိုက်စစ်မှူး ဆက်စ်ကိုအနေနဲ့လည်း ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ 

သို့သော်လည်း ယူနိုက်တက်အတွက်ချေပဂိုးကို အာမက်ဒီယာလိုက ၈၁ မိနစ်မှာ ဘယ်ခြေဗော်လီကန်ချက်နဲ့ လှလှပပသွင်းယူခဲ့လို့ သရေတစ်မှတ်နဲ့ အိမ်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဆက်စ်ကိုဟာ ဘောလုံးထိချက် ၂၁ ကြိမ်သာရှိခဲ့ပြီး ဘောလုံးဆုံးရှုံးမှုလည်း ၇ ကြိမ်အထိရှိခဲ့တာကြောင့် ပုံစံကောင်းရဖို့ရုန်းကန်နေရကြောင်းပေါ်လွင်စေခဲ့ပါတယ်။ ဆလိုဗေးနီးယားလက်ရွေးစင်ဟာ ဘောလုံးပေးပို့မှု ၁၃ ကြိမ်ပြုလုပ်ရာမှာလည်း ၉ ကြိမ်သာတိကျခဲ့ပြီး ကျန်တဲ့ ၄ ကြိမ်ကိုတော့ ဖြုန်းတီးမိခဲ့တာဖြစ်ပါတယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားအနေနဲ့ ခြေစွမ်းပြသဖို့ရုန်းကန်ခဲ့ရပေမယ့် နည်းပြရူဘင်အာမိုရင်ဟာ ဂျိုရှူးဝါးဇက်ခ်ဇီနဲ့ မေဆင်မောင့်တို့ကိုလူစားလဲထည့်သွင်းအသုံးပြုခြင်းမရှိတာကြောင့် မေးခွန်းထုတ်စရာတွေဖြစ်ခဲ့ပါတယ်။ 

ယခုအခါမှာတော့ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က "ယူနိုက်တက်ရဲ့နွေရာသီခေါ်ယူမှုတွေထဲမှာ မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့က အဆင်ပြေပေမယ့် သူကတော့ သိပ်အဆင်မပြေပါဘူး။ ဖောရက်စ်နဲ့ပွဲမှာဆို သူကိုးရိုးကားရားဖြစ်နေခဲ့ပါတယ်။ ပထမပိုင်းမှာ အရမ်းကောင်းတဲ့အခွင့်အရေးတွေရခဲ့ပေမယ့် သူအသုံးမချနိုင်ခဲ့ပါဘူး"

"ပေါင်သန်း ၈၀ တန်ကစားသမားတစ်ယောက်ဖြစ်ပြီး အသက်ငယ်ရွယ်သေးတာကြောင့် အလားအလာနဲ့ ငယ်ရွယ်သန်မာမှုတွေပိုင်ဆိုင်ထားပေမယ့် လောလောဆယ်မှာတော့ ဒီထက်ပိုကောင်းမယ့်ခြေစွမ်းမျိုးကို မျှော်လင့်မိတာအမှန်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။  ယူနိုက်တက်အနေနဲ့ ယခင်ကလည်း တိုက်စစ်မှူးရက်စ်မွတ်စ်ဟွိုက်လန်းကိုခေါ်ယူခဲ့ပေမယ့် ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာအသားကျဖို့အချိန်အတော်ကြာပေးခဲ့ရပြီး ယခုအခါ ဆက်စ်ကိုမှာလည်း တူညီတဲ့အခြေအနေကြုံတွေ့နေရတာဖြစ်ပါတယ်။ 

ဆက်စ်ကိုအနေနဲ့ ဟွိုက်လန်းထက် ပိုမိုအဆင်သင့်ဖြစ်နတဲ့ပုံပေါ်ပေမယ့် သွင်းဂိုးတွေရရှိဖို့အတွက်တော့ အသင်းဖော်တွေထံမှ အကူအညီတွေအများအပြားလိုအပ်သွားဦးမှာဖြစ်ပါတယ်။