The network connection is lost.

Banner Image

ဇစ်ဇီးမရရင် မာသီးတဲလ်ဆီ ပစ်မှတ်ရွှေ့မယ့် စီးရီးအေဘီလူးကြီးရိုးမား

ရိုးမားက စိတ်အချဉ်ပေါက်နေတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဇစ်ဇီးကို ခေါ်ယူဖို့ကြိုးပမ်းရာမှာ အောင်မြင်မှုမရရှိခဲ့ရင် အသက်-၂၀ နှစ်အရွယ်တော့တင်ဟမ်ကြယ်ပွင့်မာသီးတဲလ်ဆီ အာရုံစိုက်လာလိမ့်မယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။ အီတာလျံသတင်းဌာန Gazzetta dello Sport ရဲ့အဆိုအရ ရိုးမားရဲ့ရေဒါထဲမှာ ဇစ်ဇီးရှိနေဆဲပဲလို့ သိရပါတယ်။ စီးရီးအေဘီလူးကြီးက လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာ စွယ်စုံရတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူခြင်းဖြင့် သူတို့ရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ လိုလားနေပါတယ်။ ဒါကြောင့် အသက်-၂၄ နှစ်အရွယ်မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးက ရောမသားတွေရဲ့ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ဒတ်ချ်ကစားသမားကို အခြားကလပ်အသင်းတွေလည်း ပစ်မှတ်ထားနေသလို မန်ချက်စတာယူနိုက်တက်ကိုယ်တိုင်လည်း ယူရို ၃၅ သန်းအထိ တန်ကြေးသတ်မှတ်ထားသူအတွက် ကစားသမားအလဲအလှယ်ပြုလုပ်ဖို့ ကမ်းလှမ်းလာမှုတစ်ခုကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဒါကြောင့် ရိုးမားက ဈေးကွက်အတွင်းရှိ အခြားရွေးချယ်စရာတွေဆီ အာရုံစိုက်လာဖို့ရှိနေပြီး ဇစ်ဇီးရဲ့နေရာအတွက် တော့တင်ဟမ်တိုက်စစ်မှူးမာသီးတဲလ် ပေါ်ထွက်လာပါတယ်။

မာသီးတဲလ်က ဘိုင်ယန်မြူးနစ်မှ တော့တင်ဟမ်ဆီ ရောက်ရှိလာပြီးနောက်ပိုင်း ရုန်းကန်နေရပါတယ်။ ပြင်သစ်ကစားသမားက အစောပိုင်းကာလတွေကို မွေးရပ်မြေမှာပဲ ဖြတ်သန်းခဲ့ပြီး ရန်းနက်စ်မှာ လူငယ်ကစားသမားဘ၀ ကုန်ဆုံးခဲ့ပါတယ်။ ဒါပေမဲ့ အသက်-၂၀ နှစ်အရွယ်ကစားသမားက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ အလိုင်းယန့်ဇ်အရီနာဆီ ပြောင်းရွှေ့လာပြီးနောက် ဘိုင်ယန်မြူးနစ်မှာ သူ့ရဲ့ပုံရိပ်ကို မတည်ဆောက်နိုင်ခဲ့ပါဘူး။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တော့တင်ဟမ်အတွက် မာသီးတဲလ်ကိုခေါ်ယူဖို့ အခွင့်အရေးရရှိခဲ့ပြီး အစောပိုင်းအငှားစာချုပ်နဲ့အတူ ပြီးခဲ့တဲ့နွေရာသီကာလမှာ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်သားက တော့တင်ဟမ်မှာလည်း ပုံမှန်ပွဲထွက်ကစားသမားမဖြစ်လာသေးဘဲ ၂၀၂၅-၂၀၂၆ ရာသီ၊ လက်ရှိအချိန်အထိ ၁၁ ပွဲပါဝင်ကစားရာမှာ ပွဲကစားချိန် ၃၅၉ မိနစ်သာ ရရှိပြီး နှစ်ဂိုးသွင်းယူခဲ့ပါတယ်။ တချိန်တည်းမှာပဲ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရိုးမားအပါအဝင် ကလပ်အသင်းများစွာရှိလာခြင်းနဲ့အတူ လူငယ်ကစားသမားရဲ့ဈေးကွက်နှုန်းထားလည်း မြင့်မားလာခဲ့ပါတယ်။

မာသီးတဲလ်အပေါ် ရိုးမားရဲ့စိတ်ဝင်စားမှုက နားလည်ပေးချင်စရာပါ။ တိုက်စစ်ပိုင်းဒဏ်ရာပြဿနာတွေနဲ့အတူ စီးရီးအေဘီလူးကြီးက ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ထိရောက်မှုရှိတဲ့ စွယ်စုံရတိုက်စစ်မှူးတစ်ဦး ရှာဖွေနေပါတယ်။ ရိုးမားအသင်းရဲ့ဆေးကုခန်းကို ကြည့်လိုက်မယ်ဆိုရင် ဘိုင်လေ၊ ဒိုင်ဘားလား၊ ဒေါ့ဗ်ဘက်ခ်နဲ့ အီဗန်ဖာဂူဆန်တို့ ကုသမှုခံယူနေပါတယ်။

ဒါကြောင့် နည်းပြဂတ်စ်ပါရီနီက တိုက်စစ်ပိုင်းမှာ နေရာစုံဖြည့်ဆည်းပေးနိုင်မယ့်သူတစ်ဦးကို အလိုရှိနေတာပါ။ ဒီအတွက် ဇစ်ဇီက ရိုးမားရဲ့အဓိကပစ်မှတ် ဖြစ်လာခဲ့ပြီး အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့လည်း အကောင်းဆုံးအနေအထားမှာ ရောက်ရှိနေပါတယ်။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ယူရို ၃၅ သန်းအထိ တန်ကြေးသတ်မှတ်ထားမှုအပြင် အခြားပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကြောင့် အီတာလျံကလပ်အသင်းကို အခြားရွေးချယ်စရာတွေဆီ တွန်းပို့ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မာသီးတဲလ်က ရိုးမားရဲ့ရေဒါထဲ ရောက်ရှိလာပြီး ဆောင်းရာသီဈေးကွက်မှာ အပြောင်းအရွှေ့ဖြစ်မြောက်နိုင်မလားဆိုတာ ရောမသားတွေကို စဉ်းစားလာစေပါတယ်။ တော့တင်ဟမ်တိုက်စစ်မှူးရဲ့အနာဂတ်နဲ့ မြောက်လန်ဒန်ကလပ်ရဲ့ကစားသမားအပေါ် သဘောထားက ဘယ်လိုရှိမလဲဆိုတာ စိတ်ဝင်စားစရာကောင်းလာပါပြီ။