ဆက်စ်ကိုကို ဈေးကြီးပေးခေါ်ယူခဲ့လို့ ယူနိုက်တက်ကို အလန်ရှီးယားဝေဖန်
ပရီးမီးယားလိဂ်ဂန္ထဝင်ကစားသမားဟောင်း အလန်ရှီးယားက မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးသစ် ဘင်ဂျမင်ဆက်စ်ကိုဟာ ပြောင်းရွှေ့ကြေးပေါင် ၇၄ သန်းနဲ့ ထိုက်တန်မှုမရှိကြောင်းနဲ့ ဈေးကြီးပေးခေါ်ယူခဲ့တဲ့ ယူနိုက်တက်ကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်ဟာ အသင်းရဲ့တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းကို အငှားချခဲ့သလို၊ ဂျိုရှူးဝါးဇက်ခ်ဇီကလည်း ခြေစွမ်းမပြနိုင်တာကြောင့် ဆက်စ်ကိုကို လိုက်ပ်ဇစ်မှ ပြောင်းရွှေ့ကြေးပေါင် ၇၄ သန်းနဲ့ဝယ်ယူခဲ့ပါတယ်။ သို့သော် ဆက်စ်ကိုအနေနဲ့လည်း အိုးလ်ထရက်ဖို့ဒ်သို့စတင်ရောက်ရှိချိန်မှာ ရုန်းကန်နေရပြီး ယခုရာသီ ပြိုင်ပွဲစုံ ၁၂ ပွဲကစားပြီးချိန်မှာ ၂ ဂိုးသာသွင်းယူနိုင်ပါသေးတယ်။
ယခုအခါမှာတော့ ပရီးမီးယားလိဂ်သွင်းဂိုး ၂၆၀ အထိရယူထားခဲ့တဲ့ အလန်ရှီးယားက ဆက်စ်ကိုရဲ့စွမ်းဆောင်ရည်ကိုသာမက ကစားသမားကိုခေါ်ယူခဲ့တဲ့ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်ကိုပါ ဝေဖန်ပြောဆိုလာခဲ့ပါတယ်။ ရှီးယားက "ဒီရာသီမှာ ယူနိုက်တက်အတွက် ပိုကောင်းဖို့လိုတဲ့တစ်ဦးတည်းသောကစားသမားက ဘင်ဂျမင်ဆက်စ်ကိုပါ။ ယူနိုက်တက်က သူ့အတွက် ပေါင်သန်း ၇၀ ကျော်အကုန်ကျခံခဲ့ပါတယ်။ ဒါက အရမ်းများတဲ့ပမာဏပါ။ ဒါက ဈေးကွက်ထဲကပေါက်ဈေးဆိုတာတော့ မှန်ပေမယ့် အရမ်းများလွန်းပါတယ်။ ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော်သူ့ဆီကနေ ဘာမှကြီးကြီးမားမား မမျှော်လင့်ထားပါဘူး"
"သူက ကစားသမားကောင်းတစ်ယောက်လို့တော့ ကျွန်တော်ထင်ပေမယ့် အဲဒီထက်မပိုဘူးလို့လည်း ထင်ပါတယ်။ လက်ရှိအခြေအနေမှာ သူဒီထက်ပိုပြီး ဂိုးတွေသွင်းထားနိုင်သင့်တာပါ။ သူ့အတွက်ခက်ခဲတဲ့ရာသီတစ်ခုဖြစ်နေပါတယ်။ အထူးသဖြင့် သူကိုယ်တိုင်ကလည်း အဲဒီတန်ကြေးပမာဏအတွက် ဖိအားများနေတာဖြစ်ပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်စ်ကိုဟာ ဒီရာသီမှာ ယူနိုက်တက်အတွက်ပုံမှန်ပွဲထွက်ခွင့် အပြည့်အဝမရသေးသလို၊ အများအားဖြင့် လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရနေပြီး ပရိသတ်ရဲ့မျှော်လင့်ချက်နဲ့ ကိုက်ညီတဲ့ဂိုးသွင်းနှုန်းကိုလည်း မပြသနိုင်သေးပါဘူး။ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ အဲဗာတန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တော့တင်ဟမ်နဲ့ပွဲမှာဒဏ်ရာရခဲ့တဲ့ ဆက်စ်ကိုတစ်ယောက် ပါဝင်ကစားနိုင်မလားစောင့်ကြည့်ရပါမယ်။