ယူနိုက်တက်နောက်ခံလူ ဒေါ်ဂူကို ဒိန်းမတ်နည်းပြ ချီးကျူး
မန်ချက်စတာယူနိုက်တက်နောက်ခံလူ ပက်ထရစ်ဒေါ်ဂူဟာ မကြာသေးမီကာလတွေက အသင်းမှာနေရာရဖို့ ရုန်းကန်ခဲ့ရပေမယ့် အရည်အသွေးမြင့်မားတဲ့ကစားသမားတစ်ဦးဖြစ်ကြောင်း ဒိန်းမတ်လက်ရွေးစင်နည်းပြ ဘရိုင်ယန်ရီမာက ချီးကျူးပြောဆိုလာခဲ့ပါတယ်။
ဒိန်းမတ်ဘယ်နောက်ခံလက်ရွေးစင်ဟာ အီတလီကလပ် လက်ချီမှာ စတင်ထွန်းတောက်လာခဲ့ပြီး ယခုနှစ်ဇန်နဝါရီလမှာ ယူနိုက်တက်သို့ ပေါင်၂၅ သန်းနဲ့ စတင်ရောက်ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရုန်းကန်ခဲ့ရတဲ့ ယူနိုက်တက်ရဲ့အသင်းမှာပါဝင်ခဲ့တဲ့ ဒေါ်ဂူဟာ စုစုပေါင်း ပွဲ ၂၀ ကစားခဲ့ပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
ယခု ၂၀၂၅-၂၆ ဘောလုံးရာသီမှာတော့ ဒေါ်ဂူဟာ ရာသီအစမှာ ယူနိုက်တက်အတွက် ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပေမယ့် မကြာသေးမီရက်သတ္တပတ်တွေမှာတော့ ဒီယေဂိုဒါလော့နဲ့ နေရာအတွက်တိုက်ပွဲဝင်ခဲ့ရပါတယ်။ အသက်-၂၁ နှစ်အရွယ်ကစားသမားဟာ နိုင်ငံတကာပွဲစဉ်တွေမစတင်မီ တော့တင်ဟမ်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အတွက် နောက်ဆုံး ၅ ပွဲအတွင်း ပထဆုံးအကြိမ်ပါဝင်နိုင်ခဲ့ပါတယ်။
ဒေါ်ဂူအနေနဲ့ ယခုနှစ်ရာသီမှာ ပိုမိုကောင်းမွန်တဲ့ခြေစွမ်းတွေရရှိလာမယ်လို့ မျှော်လင့်ထားကြပေမယ့် အခုချိန်အထိတော့ မျှော်လင့်ထားတဲ့ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိသေးပါဘူး။ ကစားသမားဟာ ပြိုင်ဘက်ဂိုးဧရိယာနားအထိ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိပေမယ့် အဆုံးသတ်ဖန်တီးပေးပို့မှုပြုလုပ်ရာမှာတော့ လိုအပ်ချက်တွေရှိနေဆဲဖြစ်ပါတယ်။
သို့သော်လည်း ကစားသမားအနေနဲ့ ကလပ်အသင်း၊ လက်ရွေးစင်အသင်းတွေနဲ့အတူ ပွဲစဉ်တွေအများကြီးကစားပြီးချိန်မှာတော့ အတွေ့အကြုံတွေရရှိလာမယ်လို့ ယူဆရပါတယ်။
ယခုအခါမှာ ဒိန်းမတ်အသင်းသို့ရောက်ရှိနေတဲ့ဒေါ်ဂူဟာ ယခင်က အသင်းရဲ့ပွဲစဉ်တွေမှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရပေမယ့် ဝုဖ်ဘတ်နောက်ခံလူ ဂျိုအာကင်မေဟဲလ်က ဒဏ်ရာရနေတာကြောင့် ယူနိုက်တက်ကြယ်ပွင့်အနေနဲ့ ဘယ်လာရုစ်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ ပွဲစဉ်မှာ မိနစ် ၉၀ အပြည့်ကစားခွင့်ရခဲ့ပါတယ်။
အဆိုပါပွဲစဉ်အပြီးမှာတော့ ဒေါ်ဂူနဲ့ပတ်သက်ပြီး ဒိန်းမတ်နည်းပြ ဘရိုင်ယန်ရီမာက "သူက ပြီးပြည့်စုံတဲ့ကစားသမားပါ။ ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ မယုံနိုင်လောက်တဲ့ လျင်မြန်မှုရှိပါတယ်။ သူ့ကို တွန်းထုတ်ဖို့က မဖြစ်နိုင်ပါဘူး။ ကစားပုံကလည်း အရမ်းပြင်းထန်တဲ့သူပါ။ ဒါပေမယ့် လောလောဆယ်မှာတော့ သူကလူငယ်တစ်ယောက်ပဲရှိသေးတော့ မေဟဲလ်လောက်တော့ အတွေ့အကြုံမရှိသေးပါဘူး။ သူ့အနေနဲ့ အတွေ့အကြုံတွေကို သဘာဝအတိုင်း ဖြည်းဖြည်းချင်းတည်ဆောက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်မှာတော့ ဒီယေဂိုဒါလော့က ခြေစွမ်းပိုင်းတိုးတက်လာခြင်းမရှိတာကြောင့် ဒေါ်ဂူအနေနဲ့ ယခုရာသီမှာ သူ့ရဲ့နေရာကို အပြည့်အဝပြန်လည်သိမ်းပိုက်သွားနိုင်ချေရှိပါတယ်။ ကစားသမားအနေနဲ့ သူ့ရဲ့ခြေစွမ်းကို ဆက်လက်တိုးတက်အောင်ပြုလုပ်ပြီး တိကျတဲ့ဂိုးဖန်တီးမှုတွေပြုလုပ်နိုင်မယ်ဆိုပါက ယူနိုက်တက်ရဲ့ဘယ်နောက်ခံနေရာမှာ နောက်ထပ်ဆယ်စုနှစ် ၁ ခုလောက်အထိ သက်တောင့်သက်သာ နေထိုင်သွားရဖွယ်ရှိပါတယ်။