တော့တင်ဟမ်က ပြိုင်ဘက်အသင်း ရုန်းကန်နေရတဲ့အခြေအနေမျိုးမှာ ပိုမိုခြေစွမ်းကောင်းလေ့ရှိကြောင်းပြောကြားလာတဲ့ ဖရန့်ခ်
တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က အာဆင်နယ်နဲ့ထိပ်တိုက်တွေ့ဆုံသွားမယ့် လန်ဒန်ဒါဘီပွဲမတိုင်မီ သူ့ရဲ့အသင်းဟာ ပြိုင်ဘက်အသင်း ရုန်းကန်နေရတဲ့အခြေအနေမျိုးမှာ ပိုမိုခြေစွမ်းကောင်းလေ့ရှိကြောင်း ပြောကြားလာခဲ့ပါတယ်။
ဖရန့်ခ်က အာဆင်နယ်နဲ့ပွဲစဉ်မှာ တော့တင်ဟမ်အနေနဲ့ အာဆင်နယ်ရဲ့တည်ငြိမ်မှုကို ဖျက်ဆီးပြီး ဖရိုဖရဲဖြစ်စေကာ ရလဒ်ကောင်းကိုရယူဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိကစားထားတဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၁ ပွဲသာရှုံးနိမ့်ထားပြီး ဒုတိယနေရာက မန်စီးတီးကို ၄ မှတ်အထိဖြတ်တောက်ကာ ထိပ်ဆုံးကနေ ဦးဆောင်ထားပါတယ်။ အဆင့် ၅ နေရာမှာရပ်တည်နေတဲ့တော့တင်ဟမ်အနေနဲ့ အာဆင်နယ်ရဲ့အနောက်မှာ အနည်းငယ်ပြတ်ကျန်နေကြောင်း ဖရန့်ခ်ကဝန်ခံခဲ့ပေမယ့် လန်ဒန်ဒါဘီမှာတော့ ရလဒ်ကောင်းကိုပုံဖော်နိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ဖရန့်ခ်က "စိတ်ဝင်စားစရာတစ်ခုက ကျွန်တော်တို့ရော၊ အာဆင်နယ်ပါ ပွဲကိုထိန်းချုပ်ကစားကြဖို့ စိတ်ကူးထားကြပေမယ့် ဖရိုဖရဲအခြေအနေတွေ ကြုံတွေ့ရနိုင်ပါတယ်။ ခက်ခဲတဲ့ပွဲဖြစ်မယ်ဆိုတာကြိုသိပေမယ့် ဘာမဆိုဖြစ်သွားနိုင်တဲ့အခြေအနေတွေလည်းရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဖရန့်ခ်ဟာ ပြီးခဲ့တဲ့ရာသီက တော့တင်ဟမ်ကို ယူရိုပါလိဂ်ဖလားဆွတ်ခူးပေးနိုင်ခဲ့တဲ့ နည်းပြဟောင်း အန်ဂျီပိုစတီကိုဂလူထက်စာပါက ပိုမိုလက်တွေ့ဆန်တဲ့နည်းပြတစ်ယောက်ဖြစ်ကြောင်း သတ်မှတ်ခံထားရပြီး၊ ဘရန့်ဖို့ဒ်အသင်းကိုကိုင်တွယ်စဉ်က နည်းဗျူဟာကောင်းတွေကိုလည်း တော့တင်ဟမ်သို့ သယ်ယူလာနိုင်ခဲ့ပါတယ်။ တော့တင်ဟမ်နဲ့လက်တွဲတဲ့ ပထမဆုံးရာသီမှာတော့ ဖရန့်ခ်ဟာ ပြောင်မြောက်တဲ့ကစားဟန်မျိုး ပြသထားနိုင်ခြင်းမရှိသေးပေမယ့် ပိုစတီကိုဂလူလက်ထက်ကစာရင်တော့ ပိုမိုစနစ်ကျပြီး ထိရောက်တဲ့ကစားဟန်မျိုး ပုံဖော်ထားနိုင်ပါတယ်။
ဆက်လက်ပြီး ဖရန့်ခ်က "ဖရိုဖရဲဖြစ်တဲ့အခြေအနေဆိုတာ တိုက်စစ်နဲ့ခံစစ်ကူးပြောင်းတဲ့အခြေအနေတွေ၊ ဖိအားပေးခံရမှုတွေနဲ့ တည်ကန်ဘောတွေကနေ ဂိုးရယူဖို့ကြိုးစားတဲ့အခြေအနေတွေပါဝင်ပါတယ်။ စကားမစပ် ကျွန်တော်တို့က ၀-၀ ဆိုတဲ့ရလဒ်မျိုးကိုတော့ ဦးတည်ပြီးကစားမှာမဟုတ်ပါဘူး။ ရလဒ်က အဲဒီလိုဖြစ်သွားနိုင်ပေမယ့် ကျွန်တော်တို့ကတော့ အနိုင်ရဖို့ပဲ ဦးတည်ကစားသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။