အာဆင်နယ်နဲ့ပွဲမှာ ပါဝင်ကစားခဲ့တဲ့ ယိုရိုရဲ့ခြေစွမ်းကို အာမိုရင်ချီးကျူး
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ပြီးခဲ့တဲ့ ကြာသပတေးနေ့ နံနက်က အာဆင်နယ်ကို ၂-၀ နဲ့အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ နောက်ခံလူလန်နီယိုရိုရဲ့ ခြေစွမ်းကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။
ယခုပွဲစဉ်ဟာ ယိုရိုအတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်ဖြစ်ပြီး ခြေစွမ်းကောင်းနဲ့ကစားနိုင်ခဲ့ပေမယ့် အာမိုရင်ကတော့ သူ့ရဲ့ယူနိုက်တက်နည်းပြဘဝ ပထမဆုံးရှုံးပွဲနဲ့ စတင်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ယိုရိုဟာ အခြားယူနိုက်တက်အသင်းဖော်တွေထက် ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ပြသခဲ့တာကြောင့် ယခုအခါမှာ အာမိုရင်က ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီသားက “လန်နီယိုရိုရဲ့ကစားပုံကိုကြည့်ရင် သူဘယ်လောက်အထိ ပါရမီရှိသလဲဆိုတာ မြင်တွေ့ရပါလိမ့်မယ်။ သူ့ရဲ့အမြန်နှုန်း ပြိုင်ဘက်ကို တစ်ဦးချင်းထိန်းချုပ်ပုံတွေက ထိပ်တန်းစွမ်းဆောင်ရည်တွေပါပဲ။ အထူးသဖြင့် အခုလို ခက်ခဲတဲ့ပွဲစဉ်မှာ ခြေစွမ်းကောင်းကိုပြသနိုင်ခဲ့ပါတယ်။ ဘောလုံးကိုင်မထားရတဲ့အခြေအနေတွေမှာတောင် သူ့ရဲ့အရည်အသွေးကို ခံစားမိပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ လိုင်လီမှ ယူနိုက်တက်သို့ရောက်ရှိလာခဲ့တဲ့ ပြင်သစ်သားဟာ ရာသီကြိုခရီးစဉ်မှာပဲ ဒဏ်ရာရခဲ့တာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး အောက်တိုဘာလကမှ လေ့ကျင့်ရေးကွင်းထဲသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကစားသမားဟာ ကြံ့ခိုင်မှုအပြည့်အဝရရှိနေပြီဖြစ်လို့ မကြာမီမှာပဲ အိုးလ်ထရက်ဖို့ဒ်အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်နိုင်ဖို့မျှော်လင့်ရပါတယ်။
အာဆင်နယ်ကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်အနေနဲ့ လာမယ့်တနင်္ဂနွေနေ့မှာတော့ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အပြုသဘောဆောင်တဲ့ရလဒ်မျိုး ပြန်လည်ဖန်တီးနိုင်ဖို့ ကြိုးစားသွားရပါမယ်။