The network connection is lost.

Banner Image

၂ နှစ်ကျော်ကြာ ဘောလုံးကစားခြင်းနဲ့ဝေးကွာပြီးနောက် မိုနာကိုအတွက် ပထမဆုံးအကြိမ်ပါဝင်ကစားပေးတော့မယ့် ပေါ့ဂ်ဘာ

ဘောလုံးကစားခြင်းမှ ၂ နှစ်ကျော်ကြာဝေးကွာနေခဲ့တဲ့ မိုနာကိုကွင်းလယ်လူပေါ့ဂ်ဘာဟာ ယခုတစ်ပတ်မှာတော့ အသင်းအတွက်ပထမဆုံးအကြိမ်ပွဲထွက်ပါဝင်ကစားရင်း ဘောလုံးကွင်းထဲသို့ ပြန်လည်ခြေချဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

ပြင်သစ်သတင်းတွေအရ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ ကစားသမားဘဝကို ပြန်လည်စတင်ဖို့ဆုံးဖြတ်ထားတာကြောင့် တနင်္ဂနွေနေ့ ရန်းနက်စ်နဲ့ယှဉ်ပြိုင်သွားရမယ့် လီဂူးဝမ်းပွဲစဉ်မှာ မိုနာကိုအတွက် စတင်ပွဲထွက်ကစားပေးသွားမှာဖြစ်ပါတယ်။ သို့သော်လည်း မိုနာကိုနည်းပြ ဆီဘက်ရှန်ပိုကိုနိုလီကတော့ ပြင်သစ်သားကို ဒဏ်ရာပြဿနာပြန်လည်မကြုံတွေ့ရစေဖို့ ပွဲထွက်ကစားအဖြစ်တော့ ချက်ချင်းပါဝင်ခိုင်းမှာမဟုတ်ဘဲ အရန်ကစားသမားအဖြစ်သာ အသုံးပြုသွားဖွယ်ရှိပါတယ်။ 

ပိုကိုနိုလီက "ကျွန်တော်တို့ သူ့ရဲ့ အခြေအနေကိုစောင့်ကြည့်ရဦးမှာပါ။ သူ့ရဲ့စွမ်းဆောင်ရည်အပေါ်မူတည်ပြီး အကဲဖြတ်သွားပါမယ်။ ဒါကလည်း သူ့ကိုမနိုင်ဝန်မထမ်းစေချင်လို့ပါ။ သူကစားနိုင်ပြီဆိုတာတော့ ကျွန်တော်တို့ရိပ်မိပါတယ်" "ဒါပေမယ့် သူ့ကို အလျင်စလိုတော့မလုပ်စေချင်ပါဘူး။ အချိန်တန်ရင် သူ့အလိုလိုအဆင်ပြေလာပါလိမ့်မယ်။ သူက ကွင်းထဲမှာပျော်ရွှင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး အမြင့်ဆုံးဘောလုံးအဆင့်အတန်းကိုပြန်ရောက်ဖို့အတွက်လည်း အာရုံစိုက်နေတယ်ဆိုတာ မြင်တွေ့နေရပါတယ်။ ဒါက သံသယရှိစရာမလိုပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ပေါ့ဂ်ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ ဘောလုံးကစားခွင့်မှ ပိတ်ပင်ခံခဲ့ရပြီး ယခုအခါမှာတော့ ဘောလုံးလောကထဲသို့ပြန်လည်ခြေချဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ လီဂူးဝမ်းအမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာရပ်တည်နေတဲ့ မိုနာကိုအနေနဲ့လည်း ပေါ့ဂ်ဘာလိုကြယ်ပွင့်ကစားသမားကို အလိုရှိနေမှာဖြစ်ပြီး ပေါ့ဂ်ဘာကလည်း လာမယ့်တနင်္ဂနွေနေ့ ရန်းနက်စ်နဲ့ပွဲစဉ်မှာ မိုနာကိုအတွက် ခြေစွမ်းပြသသွားဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။