ဂိုး ၄၀၀ ပြည့်မြောက်ခဲ့ပေမယ့် ရော်နယ်ဒိုနဲ့မက်ဆီကိုမီဖို့ အများကြီးလိုအပ်နေသေးကြောင်း ပြောကြားလာတဲ့ အမ်ဘာပေ
ပြင်သစ်စူပါစတား ခီလီယမ်အမ်ဘာပေဟာ ပရော်ဖက်ရှင်ကစားသမားဘဝ ပြိုင်ပွဲစုံ ဂိုး ၄၀၀ ပြည့်မြောက်အောင်သွင်းယူနိုင်ခဲ့ပြီဖြစ်ပေမယ့် ကမ္ဘာ့ဘောလုံးဂန္ထဝင် ၂ ဦးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ကိုမီဖို့အတွက် နောက်ထပ်ဂိုးတွေအများကြီးသွင်းဖို့လိုအပ်နေသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ယူကရိန်းကို ၄-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အမ်ဘာပေဟာ ပြင်သစ်အတွက် သွင်းဂိုး ၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ခဲ့ကာ ကစားသမားဘဝ ဂိုး ၄၀၀ ပြည့်မြောက်တဲ့စံချိန်မှတ်တမ်းကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးလောကအတွင်း ဂိုး ၄၀၀ ပြည့်မြောက်အောင်သွင်းယူနိုင်တဲ့ကစားသမားဟာ အနည်းအကျဉ်းသာရှိပေမယ့် အမ်ဘာပေဟာ အသက်-၂၆ နှစ်အရွယ်မှာပဲ အဆိုပါပမာဏကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ပွဲအပြီးမှာတော့ အမ်ဘာပေက သူ့အနေနဲ့ ဂိုး ၄၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် ရော်နယ်ဒိုနဲ့ မက်ဆီတို့ကိုမီဖို့အတွက်တော့ နောက်ထပ်အများကြီးကြိုးစားဖို့လိုအပ်နေသေးကြောင်း ပြောကြားလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်က "ဂိုး ၄၀၀ က လူတွေအတွက်အထင်ကြီးစရာတော့မဟုတ်ပါသေးပါဘူး။ ကျွန်တော့်အနေနဲ့ ဘောလုံးသမိုင်းမှာကျွန်တော့်ရဲ့ခြေရာကိုချန်ထားခဲ့ချင်ပါတယ်။ ဒါကြောင့်အနည်းဆုံးနောက်ထပ် ဂိုး ၄၀၀ လောက်ထပ်သွင်းရပါဦးမယ်။ ဂိုး ၉၅၀ ကျော်သွင်းထားတဲ့သူနဲ့ ဂိုး ၉၀၀ ကျော်သွင်းထားတဲ့ကစားသမားတွေရှိနေပါသေးတယ်။ ဒါကြောင့် ဂိုး ၄၀၀ က လူတွေကိုအံ့အားသင့်စေမယ့် အနေအထားရောက်ဖို့ မလုံလောက်သေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။