
ပြီးခဲ့တဲ့ရာသီကရှုံးနိမ့်မှုတွေအတွက် ဒီရာသီမှာ လက်စားပြန်ချေသွားမယ်လို့ အခိုင်အမာပြောကြားလိုက်တဲ့ ယိုရို
မန်ချက်စတာယူနိုက်တက်နောက်ခံကြယ်ပွင့် လန်နီယိုရိုက အသင်းဟာပြီးခဲ့တဲ့ရာသီမှာ ကျရှုံးခဲ့ပေမယ့် လာမယ့် ၂၀၂၅-၂၆ ရာသီမှာတော့ မတူညီတဲ့ပုံစံနဲ့ ပရီးမီးယားလိဂ်ကိုပြန်လည်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ရှုံးနိမ့်မှုတွေကို လက်စားပြန်ချေသွားမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ယူနိုက်တက်ဟာ ၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာရပ်တည်ခဲ့ပြီး အသင်းရဲ့ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အနိမ့်ဆုံးအမှတ်ပေးဇယားရပ်တည်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ယခုနှစ်ရာသီမှာတော့ ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ ဝက်စ်ဟမ်းနဲ့ဘုန်းမောက်ကို အနိုင်ယူပြီး အဲဗာတန်ကိုသရေကျကာ အပြုသဘောဆောင်တဲ့ရလဒ်တွေဖန်တီးထားနိုင်တာကြောင့် တိုးတက်မှုတွေ ရှိလာပြီလို့ဆိုရမှာဖြစ်ပါတယ်။
ယခုအခါမှာ ယိုရိုက "ယူနိုက်တက်အတွက်ကစားပေးနေတဲ့ ကစားသမားတစ်ယောက်က သူ့ရဲ့အကောင်းဆုံးပုံစံကို အမြဲတမ်းထိန်းသိမ်းထားနိုင်ဖို့လိုပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ အမှားတွေလုပ်ခဲ့တယ်လို့ ထင်ပါတယ်။ မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီလိုအမှတ်ပေးဇယားရပ်တည်မှုမျိုးနဲ့ မထိုက်တန်ပါဘူး။ ဒါကို ပရိသတ်တွေသိသလို၊ လူတိုင်းလည်းသိပါတယ်"
"ဒီရာသီမှာတော့ ကျွန်တော်တို့အနေနဲ့ မတူညီတာတွေလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကရှုံးနိမ့်မှုတွေကို ဒီနှစ်မှာပြန်ဆပ်သွားရမှာပါ။ ကျွန်တော်တို့ ပိုကောင်းလာဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းယူနိုက်တက်ဟာ စုစုပေါင်း ပေါင်သန်း ၁၃၀ ကျော်အထိသုံးစွဲထားပြီး ဝုဗ်တောင်ပံကစားသမား မားသီးယက်စ်ကွန်ညာနဲ့ ဘရန့်ဖို့ဒ်ကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုတို့ကို ခေါ်ယူအားဖြည့်ထားပါတယ်။ ဒါကြောင့် တိုက်စစ်ပိုင်းဂိုးရဖို့ရုန်းကန်နေခဲ့ရတဲ့ယူနိုက်တက်အတွက် လာမယ့်ရာသီမှာတော့ သွင်းဂိုးတွေ များများစားစားပြန်လည်မြင်တွေ့သွားရဖို့ရှိနေပါတယ်။
ဆက်လက်ပြီး ယိုရိုက "ယူနိုက်တက်က အသင်းကြီးတစ်သင်းပါ။ ကျွန်တော်တို့အသင်းကို ကျရှုံးစေချင်တဲ့လူတွေရှိနေတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အသင်းကို အောင်မြင်စေချင်တဲ့ပရိသတ်တွေလည်း အများကြီးပါပဲ။ ကျွန်တော်တို့ကတော့ ပရိသတ်တွေအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်" "အပြင်လာတဲ့အသံတွေကို ကျွန်တော်တို့ဂရုမစိုက်ပါဘူး။ မီဒီယာတွေနဲ့ အသင်းကိုလှောင်ပြောင်တဲ့သူတွေကို ကျွန်တော်တို့လျစ်လျူရှုထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ မကောင်းခဲ့ဘူးဆိုတာတော့ နားလည်ပါတယ်။ ဒီနှစ်မှာ အကောင်းဆုံးပုံစံနဲ့ပြန်လာပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ပြန်လာနိုင်ဖို့မျှော်လင့်ပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။