
မန်စီးတီးနဲ့အတူ ချန်ပီယံလိဂ်ဖလားဆွတ်ခူးချင်ကြောင်း ဖွင့်ဟလာတဲ့ ဒွန်နာရမ်မာ
နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့ရက်မှာ ပီအက်စ်ဂျီမှ မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမားသစ် ဒွန်နာရမ်မာက မန်စီးတီးနဲ့အတူ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
မန်စီးတီးဟာ ဒွန်နာရမ်မာကို ပြောင်းရွှေ့ကြေးပေါင် ၂၆ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကတော့ လစ်လပ်သွားတဲ့ ဒွန်နာရမ်မာနေရာမှာ ပေါင် ၃၅ သန်း လိုင်လီဂိုးသမား လူးကပ်စ်ချီဗာလီယာနဲ့ ပြန်လည်အင်အားဖြည့်တင်းခဲ့ပါတယ်။
ဒွန်နာရမ်မာဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ပီအက်စ်ဂျီရဲ့ချန်ပီယံလိဂ်အောင်မြင်မှုမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပြီး အင်တာမီလန်ကို ၅-၀ နဲ့အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲမှာ ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ အီတလီသားဟာ မတူညီတဲ့အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုထပ်မံဆွတ်ခူးနိုင်ဖို့ မန်စီးတီးသို့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
မန်စီးတီးနဲ့ ပထမဆုံးပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ဒွန်နာရမ်မာက "ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ဖို့က ကျွန်တော်တို့ရဲ့ ပန်းတိုင်တစ်ခုပါ။ ဒါကို ဖုံးကွယ်ထားဖို့မလိုပါဘူး။ မန်စီးတီးနဲ့အတူ ချန်ပီယံလိဂ်ဖလားဆွတ်ခူးဖို့က ကျွန်တော့်ရဲ့အိပ်မက်ပါပဲ။ ဘောလုံးသမားတွေအတွက် အကောင်းဆုံးဆုဖလားက ချန်ပီယံလိဂ်လို့ထင်ပါတယ်။ ပီအက်စ်ဂျီနဲ့အတူ ဒီဖလားကိုဆွတ်ခူးနိုင်တုန်းကလည်း မယုံနိုင်လောက်အောင်ပျော်ရွှင်ခဲ့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးကလည်း ၂၀၂၂-၂၃ ရာသီမှာ ပက်ဂွါဒီယိုလာရဲ့ဦးဆောင်မှုနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ထိုစဉ်ကလည်း အင်တာမီလန်ကိုပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဆိုပါရာသီမှာ မန်စီးတီးဟာ ချန်ပီယံလိဂ်သာမက အင်္ဂလန်ပြည်တွင်းဖလားတွေဖြစ်တဲ့ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့တာကြောင့် သမိုင်းဝင်ဖလား ၃ လုံးချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးဟာ မန်ချက်စတာဒါဘီပြိုင်ဘက် ယူနိုက်တက်ကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ဒွန်နာရမ်မာတစ်ယောက် မန်စီးတီးကစားသမားဘဝပွဲဦးထွက်ကို စတင်နိုင်ဖို့အလားအလာရှိပါတယ်။ လာမယ့် စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ မန်စီးတီးဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် နာပိုလီနဲ့ယှဉ်ပြိုင်သွားရပါမယ်။