လီဗာပူးရဲ့စာချုပ်သစ်ကမ်းလှမ်းမှုအကြောင်း ပြောဆိုချက်တွေကို ငြင်းဆန်သွားတဲ့ ကိုနာတေး
ပြင်သစ်လက်ရွေးစင်ခံစစ်မှူးကိုနာတေးက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထင်ကြေးပေးမှုတွေအပေါ် ဘယ်လိုပုံစံမျိုးနဲ့မှ ပါဝင်မှာမဟုတ်ဘူးလို့ ဖွင့်ဟပြောဆိုရင်း လီဗာပူးရဲ့စာချုပ်သစ်ကမ်းလှမ်းမှုသတင်းတွေကို ပယ်ချသွားခဲ့ပါတယ်။
လွန်ခဲ့တဲ့ဇန်နဝါရီလအတွင်း အခုဘောလုံးရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်မြောက်တော့မယ့် ကိုနာတေးက ကြိုးကြာနီတွေရဲ့စာချုပ်သစ်ကမ်းလှမ်းမှုတစ်ခု ရရှိခဲ့ပေမယ့် သဘောတူလက်မှတ်ရေးထိုးဖို့တော့ မနီးစပ်ခဲ့ပါဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မေလအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကိုင်မြှောက်ပြီးချိန် ကိုနာတေးက စာချုပ်သစ်ဆွေးနွေးမှုနဲ့ပတ်သက်တဲ့ လူမှုကွန်ရက်ကောလာဟလတွေကို လုံးဝအတုအယောင်သာ ဖြစ်တယ်လို့ ပယ်ချခဲ့ပေမယ့် သူရဲ့အေးဂျင့်နဲ့ ကလပ်အသင်းအကြား ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့တော့ ဝန်ခံခဲ့ပါတယ်။
နောက်ထပ်ခြောက်လကုန်ဆုံးပြီးချိန်မှာလည်း အသက်-၂၆ နှစ်အရွယ်ကစားသမားအတွက် စာချုပ်သစ်ကိစ္စ အဆင်မပြေသေးဘဲ ခြေစွမ်းပိုင်းပါ မတည်ငြိမ်လာလို့ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီတို့နဲ့ ချိတ်ဆက်ထားတဲ့ ထင်ကြေးပေးမှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။ ကိုနာတေးက လာမယ့်ဇန်နဝါရီ ၁ ရက်မှစတင်ပြီး နိုင်ငံရပ်ခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးခွင့်အပြင် အကြိုသဘောတူညီမှုစာချုပ်ကိုပါ လက်မှတ်ရေးထိုးခွင့် ရရှိလာပါလိမ့်မယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ကိုနာတေးက လီဗာပူးအသင်းရဲ့ကမ်းလှမ်းမှုအသစ်တစ်ခု ရရှိထားတယ်ဆိုတဲ့ သတင်းတွေကို ထပ်မံငြင်းဆိုခဲ့ပါတယ်။ ကိုနာတေးက “ လီဗာပူးရဲ့ကမ်းလှမ်းမှုအသစ်တစ်ခု ရှိထားတယ်ဆိုတဲ့ သတင်းတွေကို မကြာသေးမီကပဲ သတင်းစာတွေထဲမှာ တွေ့ခဲ့ရပါတယ်။ ဒါတွေအားလုံး ဘယ်လိုနေရာမှစလာသလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော့်ရဲ့အေးဂျင့်တွေကတော့ လီဗာပူးနဲ့အတူ ဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။ မကြာခင် ကျွန်တော်ကိုယ်တိုင်လည်း ဆုံးဖြတ်ချက်ချမှတ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါဆိုရင် ကျွန်တော့်ရဲ့အနာဂတ်အကြောင်း ထုတ်ဖော်ကြေညာနိုင်ပါပြီ”လို့ ပြောပါတယ်။
ဒါ့အပြင် ကိုနာတေးက ယူကရိန်းကို ၄-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ပြင်သစ်လက်ရွေးစင်ကစားသမားဘဝ၊ အဖွင့်ဂိုးရရှိခဲ့တဲ့ အသင်းဖော်ဟူဂိုအီကီတီကီအတွက် ဝမ်းသာမိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဇာဘိုင်ဂျန်နဲ့ရင်ဆိုင်ရမယ့် ပြင်သစ်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်နောက်ဆုံးပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ကိုနာတေးက “ ဘွန်ဒက်စ်လီဂါနဲ့ယှဉ်ရင် လီဗာပူးမှာ မတူညီတဲ့ပြင်းပြမှုတစ်ခု ရှိပါတယ်။
ကလပ်အသင်းဆီ ဟူဂိုအီကီတီကီ ရောက်ရှိလာချိန်ကတည်းက သူ့ကို ကျွန်တော် စိန်ခေါ်ခဲ့ပါတယ်။ လေ့ကျင့်ရေးအပြီးမှာတင် သူ မောပန်းနေပြီး gym တောင် မသွားနိုင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်က သူ့ရဲ့မျက်လုံးကို ငါးစက္ကန့်လောက်စိုက်ကြည့်ပြီး ‘မင်းကိုယ်တိုင်ရော ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကစားချင်ရဲ့လား?’လို့ မေးခွန်းထုတ်ခဲ့ပါတယ်”လို့ ပြောပါတယ်။