The network connection is lost.

Banner Image

အသင်းမှ တစ်ပွဲတည်းမှာ ပင်နယ်တီ ၃ ကြိမ်ဆက်တိုက်လွဲချော်ခဲ့လို့ အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလာတဲ့ ဂတ်စ်ပါရီနီ

ကြာသပတေးနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ရိုးမားဟာ လိုင်လီနဲ့ထိပ်တိုက်တွေ့ဆုံခဲ့ရာ အသင်းမှ ပင်နယ်တီ ၃ ကြိမ်အထိကန်ခွင့်ရခဲ့ပေမယ့် တစ်ဂိုးမှ မဝင်ခဲ့တာကြောင့် အိမ်ကွင်းမှာ ၀-၁ နဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ နည်းပြ ဂျီယန်ပီရိုဂတ်စ်ပါရီနီက အခုလိုတစ်ပွဲတည်း ၃ ကြိမ်ဆက်တိုက်ပင်နယ်တီလွဲချော်တဲ့အဖြစ်အပျက်မျိုး သူ့ဘဝမှာ မကြုံတွေ့ခဲ့ဖူးကြောင်းနဲ့ အံ့အားသင့်မိကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။ 

ယခုပွဲစဉ်မှာ လိုင်လီဟာ ပွဲအစ ၆ မိနစ်မှာပဲ တိုက်စစ်မှူး ဟာရယ်လ်ဆန်ရဲ့သွင်းဂိုးနဲ့ ရိုးမားကို စတင်ဦးဆောင်နိုင်ခဲ့ပြီး အဆိုပါဂိုးနဲ့ပဲ ယူရိုပါလိဂ်အဝေးကွင်းနိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၈၂ မိနစ်မှာ ရိုးမားအနေနဲ့ ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ပေမယ့် အဆိုပါပင်နယ်တီ ၃ ကြိမ်စလုံးကို လိုင်လီဂိုးသမား ဘာကီအိုဇာက ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာကီအိုဇာဟာ ရိုးမားတိုက်စစ်မှူး ဒိုဗစ်ရဲ့ပင်နယ်တီကန်ချက်ကိုကာကွယ်ရာမှာ ဂိုးစည်းထဲမှ ထွက်ပြီးပုတ်ထုတ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီတွေကို ထပ်ကာထပ်ကာ ကန်စေခဲ့ပြီး ၃ ကြိမ်မြောက်ကိုတော့ ရိုးမားဟာတိုက်စစ်ကြယ်ပွင့် ဆူလီကို ကန်စေခဲ့တာဖြစ်ပါတယ်။ သို့သော် ဆူလီရဲ့ကန်ချက်ကိုလည်း အိုဇာက ထပ်မံပုတ်ထုတ်ကာကွယ်ခဲ့တာကြောင့် ရိုးမားတို့အိမ်ကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂတ်စ်ပါရီနီက "ကျွန်တော့်ဘဝမှာ ဒီလိုပင်နယ်တီ ၃ ကြိမ်ဆက်တိုက်လွဲချော်တာမျိုး တစ်ခါမှမဖြစ်ဖူးပါဘူး။ ကျွန်တော်တို့ ဒီပွဲကို အစောပိုင်းကတည်းက နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ ဒီလိုဦးဆောင်ဂိုးပေးလိုက်ရတာက သူတို့အတွက် ပိုကောင်းသွားစေခဲ့ပါတယ်။ ကျွန်တော်တို့မှာ နည်းစနစ်ဆိုင်ရာ ချွတ်ယွင်းချက်အချို့ရှိခဲ့ပေမယ့်ပွဲပြီးဆုံးချိန်အထိ စိတ်ဓာတ်အပြည့် ရစ်သမ်မှန်မှန်နဲ့ ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ အခွင့်အရေးတွေကိုအသုံးချဖို့ လုံလောက်တဲ့စွမ်းရည်မရှိသေးဘူးလို့ပဲပြောရမှာပါ။ ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်ပိုင်းမှာတော့ ကျဆင်းသွားခဲ့ခြင်းမရှိပါဘူး" လို့ပြောကြားခဲ့ပါတယ်။

ရိုးမားရဲ့ တစ်ပွဲလုံးစာစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့လည်း ဂတ်စ်ပါရီနီက "ဒုတိယပိုင်းမှာ အသင်းရဲ့တိုက်စစ်က ပိုကောင်းလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဘက်ကလည်း အရမ်းမြန်ပြီး နည်းစနစ်ကျကျကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲကိုချုပ်ကိုင်ဖို့ မလွယ်ခဲ့ပါဘူး။ ကျွန်တော်တို့ အမှားတွေလုပ်ခဲ့မိပေမယ့် ကောင်းတာတွေလည်းရှိပါသေးတယ်။ ပြီးတော့ ကျွန်တော်တို့က ၃ ရက်ကို ၁ ပွဲနှုန်းကစားနေရပြီး အချိန်သိပ်မရလို့ အခုကတည်းက နောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။

အတ္တလန္တာနဲ့အတူ ယူရိုပါလိဂ်ဖလားကိုဆွတ်ခူးခဲ့ဖူးတဲ့ ဂတ်စ်ပါရီနီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရိုးမားကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ ဂတ်စ်ပါရီနီရဲ့ဦးဆောင်မှုအောက်မှာ ရိုးမားဟာ အတော်လေးပုံစံကောင်းရနေပြီး ဒီရာသီ စီးရီးအေ ၅ ပွဲကစားပြီးချိန်မှာ ၄ ပွဲအထိအနိုင်ရရှိထားသလို၊ ယူရိုပါလိဂ်မှာလည်း ၁ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ကို ဖော်ဆောင်ပေးထားပါတယ်။