The network connection is lost.

Banner Image

ယူနိုက်တက်အသင်းဖော်တွေကို ကစားအားမြှင့်တင်ဖို့ သတိပေးလိုက်တဲ့ ဒီလစ်ချ်

မန်ချက်စတာယူနိုက်တက်နောက်ခံလူဒီလစ်ချ်ဟာ အဲဗာတန်ကို ၀-၁ နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ်က အားနည်းတဲ့သူတွေအတွက်နေရာမရှိကြောင်းနဲ့ ကစားအားမြှင့်တင်ပြီး အသင်းအတွက်ပေးဆပ်ကစားကြဖို့ အသင်းဖော်တွေကို သတိပေးပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ အဲဗာတန်နဲ့ပွဲစဉ်မှာ ကစားသမားတစ်ယောက်အသာနဲ့ ပွဲချိန်တစ်လျှောက်လုံးနီးပါးကစားခဲ့ရပေမယ့် ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိဘဲ အနိုင်ဂိုးပါခွင့်ပြုခဲ့ရကာ အိုးလ်ထရက်ဖို့ဒ်မှာရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အခုလိုရှုံးနိမ့်မှုကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၅ ပွဲဆက်ရှုံးနိမ့်မှုမရှိစံချိန် အဆုံးသတ်သွားခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၀ နေရာအထိကျဆင်းသွားခဲ့ကာ အဆင့် ၄ နေရာက ဗီလာနဲ့ ရမှတ် ၃ မှတ်ကွာဟသွားပါတယ်။ 

ပွဲအပြီးမှာတော့ ဒီလစ်ချ်က ယခုပွဲစဉ်မှာ အသင်းရဲ့စွမ်းဆောင်ရည်က အားရစရာမရှိကြောင်းနဲ့ ကြိုးစားမှုကလည်း လုံလောက်မှုမရှိခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပြီး ပရီးမီးယားလိဂ်မှာ အားနည်းနေပါက အသင်းအနေနဲ့ အောင်မြင်မှုရမှာမဟုတ်ကြောင်း သတိပေးစကားဆိုလာခဲ့ပါတယ်။ 

နယ်သာလန်လက်ရွေးစင်က "ဒီပွဲမှာ ကျွန်တော်တို့ ၁ ဂိုးခွင့်ပြုခဲ့ရပြီး ဂိုးပြန်သွင်းဖို့အတွက် အခွင့်အရေးကောင်းတွေမဖန်တီးနိုင်ခဲ့ပါဘူး။ ပွဲကိုခြုံပြီးကြည့်လိုက်မယ်ဆိုရင် ဒီပွဲက အသင်းအတွက် အရမ်းကိုဆိုးဝါးတဲ့စွမ်းဆောင်ရည်လို့ ထင်ပါတယ်။ ဒါက စိတ်ပျက်စရာဖြစ်ပေမယ့် ဘောလုံးမှာဒါမျိုးက ဖြစ်နေကျပါ"

"ဒါပေမယ့် ပရီးမီးယားလိဂ်မှာ အားနည်းတဲ့သူတွေအတွက်နေရာမရှိပါဘူး။ အခွင့်အရေးလေးတစ်ခုက ဂိုးအဖြစ်ပြောင်းလဲသွားနိုင်ပြီး အဲဒီဂိုးနဲ့ပဲ ရှုံးနိမ့်သွားနိုင်ပါတယ်။ အခုပွဲမှာ ကျွန်တော်တို့ကြုံတွေ့ခဲ့ရသလိုပေါ့။ ဒါက နိုင်တာနဲ့ ရှုံးတာနဲ့ကြားက သေးငယ်တဲ့ကွာဟချက်လေးပါပဲ။ ဒါပေမယ့် အသင်းက ဒီအပိုင်းမှာ အားနည်းနေပါတယ်။ ဂိုးသွင်းဖို့နဲ့ အခွင့်အရေးတွေဖန်တီးဖို့ စိတ်အားထက်သန်မှုတွေလိုအပ်နေခဲ့တယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်လို့ နိုင်ပွဲပြန်လည်ရရှိဖို့ ဆက်လက်ရုန်းကန်သွားရနိုင်ပါတယ်။ သို့သော်လည်း ဒီလစ်ချ်က "နောက်လာမယ့်ပွဲက အရမ်းအရေးကြီးပါတယ်။ အဲဗာတန်နဲ့ပွဲက စွမ်းဆောင်ကို လာမယ့်ပွဲမှာ သေချာပေါက်ပြောင်းလဲပစ်ရပါမယ်" လို့ပြောကြားခဲ့ပါတယ်။