
လူစားလဲခံရပြီးနောက် အဝတ်လဲခန်းထဲ တန်းဝင်သွားခဲ့တဲ့ ဂါနာချိုနဲ့ စကားပြောရဦးမယ်လို့ဆိုလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယနေ့နံနက်က အစ်ဆွစ်ချ်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားလဲခံခဲ့ရပြီးနောက် အဝတ်လဲခန်းထဲ တန်းဝင်သွားခဲ့တဲ့ အသင်းရဲ့တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုနဲ့ စကားပြောဖို့လိုအပ်နေပြီလို့ ပြောကြားလာခဲ့ပါတယ်။
ဂါနာချိုဟာ ယူနိုက်တက်ရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပြန်လည်ပါဝင်ကစားခွင့်ရခဲ့ပေမယ့် နောက်ခံလူ ပက်ထရစ်ဒေါ်ဂူ အနီကတ်ပြသခံခဲ့ရပြီးနောက် ပထမပိုင်းမှာပဲ အာမိုရင်က မာဇရာဝီနဲ့ လူစားလဲဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လူစားလဲခံရပြီးနောက်မှာတော့ အာဂျင်တီးနားသားဟာ ကွင်းထဲမှချက်ချင်းထွက်ခွာပြီး ဥမင်လှိုဏ်ခေါင်းမှတစ်ဆင့် အဝတ်လဲခန်းထဲသို့ တစ်ခါတည်း ဝင်ရောက်သွားခဲ့ပါတယ်။
ဒါကြောင့် ပွဲအပြီးမှာ အာမိုရင်က အသက်-၂၀ နှစ်အရွယ်ကစားသမားရဲ့ အပြုအမူအပေါ် သဘောကျခြင်းမရှိတာကြောင့် စကားပြောသွားမယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။ အာမိုရင်က "ဂါနာချိုရဲ့အပြုအမူနဲ့ပတ်သက်ပြီး စကားပြောသွားမှာပါ။ လာမယ့်သတင်းစာရှင်းလင်းပွဲမှာ ဒီအကြောင်းကို ပြောသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာလည်း ဂါနာချိုဟာ လေ့ကျင့်ရေးအစီအစဉ်တွေမှာ အရည်အချင်းမပြည့်မီခဲ့တာကြောင့် အသင်းဖော်မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့အတူ မန်စီးတီးနဲ့ကစားမယ့်ပွဲစဉ်မှ ချန်လှပ်ခံထားခဲ့ရဖူးပါတယ်။ နောက်ပိုင်းမှာတော့ အာဂျင်တီးနားလက်ရွေးစင်ဟာ သူ့ရဲ့နေရာအတွက်ပြန်လည်တိုက်ပွဲဝင်ခဲ့ပြီး ယခုအခါမှာ ယူနိုက်တက်အတွက် ပုံမှန်ကစားခွင့်ပြန်လည်ရရှိထားတာဖြစ်ပါတယ်။ သို့သော်လည်း ရက်ရှ်ဖို့ဒ်ကတော့ အသင်းကနေထွက်ခွာခဲ့ရပြီး ပြီးခဲ့တဲ့ဇန်နဝါရီမှာ အက်စတွန်ဗီလာသို့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
ဆက်လက်ပြီး အာမိုရင်က "ဘယ်သူမှ ရက်ရှ်ဖို့ဒ်လို လုပ်လို့မရပါဘူး။ ကျွန်တော်တွေးနေခဲ့တာက အသင်းကို ၅-၃-၁ ကစားကွက်နဲ့ ကစားစေဖို့ပါ။ ဒါက စွန့်စားမှုလုပ်ရာတော့ကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တစ်ယောက်အထုတ်ခံထားရလို့ပါ။ ဒါပေမယ့် အသင်းအနေနဲ့ ပွဲကိုထိန်းချုပ်ဖို့ ဒီလိုကစားကွက်နဲ့မှအဆင်ပြေမယ်လို့ ယူဆပါတယ်။ ဒါကြောင့် လူစားလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ယောက်ယောက်ကို လူစားလဲဖို့လိုအပ်ပြီး တည်ကန်ဘောတွေနဲ့ပတ်သက်ပြီးတော့လည်း စဉ်းစားရသေးတော့ ဂါနာချိုကိုပဲ လူစားလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။