နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ယူနိုက်တက်အတွက် ပြန်ကစားပေးနိုင်မယ့် မာတီနက်ဇ်
ဒဏ်ရာပြဿနာကြောင့် ၉ လကြာအနားယူခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ယခုအခါမှာတော့ ဒဏ်ရာမှပြန်လာနိုင်ပြီဖြစ်တာကြောင့် နိုင်ငံတကာပွဲစဉ်တွေအပြီး ယခုနိုဝင်ဘာလထဲမှာပဲ အသင်းအတွက်ပြန်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ခရစ္စတယ်ပဲလေ့စ်ကို ၂-၀ နဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကစားသမားတိုင်းကြောက်ရတဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကာလရှည်အနားယူနေခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မာတီနက်ဇ်ဟာ ယူနိုက်တက်မှထွက်ခွာပြီး အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်နေပေမယ့် ယခုလ နိုင်ငံတကာပွဲစဉ်တွေမှာတော့ ပါဝင်ကစားပေးနိုင်မှာမဟုတ်ပါဘူ။
နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ မာတီနက်ဇ်ဟာ နိုင်ငံတကာပွဲစဉ်တွေအပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေပြန်လည်စတင်ချိန်မှာတော့ ယူနိုက်တက်အတွက် ပြန်လည်ကစားပေးနိုင်မယ်လို့ သိရပါတယ်။ သို့သော်လည်း နည်းပြရူဘင်အာမိုရင်ကတော့ ကစားသမားရဲ့ဒဏ်ရာအခြေအနေကို စိုးရိမ်နေဆဲဖြစ်လို့ စွန့်စားမှုမယူလိုတာကြောင့် နိုဝင်ဘာလ ၂၄ ရက်နေ့ အဲဗာတန်နဲ့ပွဲစဉ်မှာတော့ ပြန်လည်ထည့်သွင်းအသုံးပြုဖို့ မသေချာပါဘူး။