
ယခုရာသီမှာ စထရာဘော့သို့ပြောင်းရွှေ့ပြီး နောက်ရာသီမှာ ချဲလ်ဆီးသို့ထပ်မံပြောင်းရွှေ့လာမယ့် ဘရိုက်တန်ကြယ်ပွင့် အန်စီဆို
ဘရိုက်တန်တိုက်စစ်ကြယ်ပွင့် ဂျူလီယိုအန်စီဆိုဟာ ယခုနွေရာသီအတွင်း ပြင်သစ်လီဂူးကလပ် စထရာဘော့သို့ ပြောင်းရွှေ့ကြေး ပေါင် ၁၇.၃ သန်းနဲ့ရောက်ရှိဖို့ သဘောတူညီမှုရရှိတော့မှာဖြစ်ပြီး စထရာဘော့မှာ ၁ ရာသီကြာကစားပြီးပါက ချဲလ်ဆီးသို့ ထပ်မံပြောင်းရွှေ့လာမယ်လို့သိရပါတယ်။
အသက်-၂၁ နှစ်အရွယ်ကစားသမားရဲ့အပြောင်းအရွှေ့ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဖြစ်မြောက်လာဖွယ်ရှိနေပြီး ဘရိုက်တန်အနေနဲ့ သဘောတူညီမှုစာချုပ်ထဲမှာ ပြန်လည်ရောင်းချခွင့်ဆိုင်ရာအပိုဆုကြေးကို ထည့်သွင်းထားပါတယ်။ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီဟာ ၂၀၂၃ ခုနှစ်က စထရာဘော့အသင်းကို ကလီယားလိခ်ကတ်ပီတယ်နဲ့ပူးပေါင်းပြီး ပေါင် ၆၅.၂ သန်းနဲ့ဝယ်ယူထားတာကြောင့် ယခုအပြောင်းအရွှေ့ကို စိတ်တိုင်းကျပြုလုပ်နေတာလည်းဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ စထရာဘော့တို့အကြားမှာ အရေးပါတဲ့ဆက်နွယ်မှုတွေရှိနေပြီး လက်ရှိအချိန်မှာတော့ စထရာဘော့ကို အင်္ဂလိပ်လူမျိုး လီယမ်ရိုစီနီရာက ဦးဆောင်နေတာဖြစ်ပါတယ်။ စထရာဘော့ဟာ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဂိုးသမား မိုက်ခ်ပန်ဒါစ်၊ ကင်ဒရီပေ့ဇ်နဲ့ မာမာဒူဆားတို့ကိုလည်း ချဲလ်ဆီးသို့ အငှားချထားပါတယ်။
တစ်ချိန်တည်းမှာပဲ စထရာဘော့ဟာ ချဲလ်ဆီးထံမှ ဆမ်မြူရယ်စမစ်သ်၊ မာသစ်အာမူဂူနဲ့ ဒီယေဂိုမိုရီရာတို့ကို ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ပြန်လည်ခေါ်ယူထားခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိစထရာဘော့ရဲ့လူစာရင်းထဲမှာ ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ ဘရိုက်တန်နောက်ခံလူဟောင်း ဗယ်လန်တင်ဘာကိုနဲ့ ဆောက်သမ်တန်တိုက်စစ်မှူးဟောင်း ဆီကူမာရာတို့လည်း ရောက်ရှိနေတယ်လို့သိရပါတယ်။
အန်စီဆိုအနေနဲ့ ဖူလ်ဟမ်ကိုသရေကျခဲ့တဲ့ ဘရိုက်တန်ရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ပါဝင်ကစားခဲ့ခြင်းမရှိတာကြောင့် ကစားသမားဟာ ယခုနွေရာသီမှာ အသင်းနဲ့လမ်းခွဲတော့မယ်ဆိုတာ ပေါ်လွင်ခဲ့ပါတယ်။ ပါရာဂွေးလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်အတွက် စုစုပေါင်း ၅ ဂိုးသာသွင်းယူခဲ့ပြီး ဒုတိယရာသီဝက်မှာ အစ်ဆွစ်ချ်တောင်းသို့ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ပါတယ်။