The network connection is lost.

Banner Image

Body language တိုးတက်လာတာကို ချီးကျူးလိုက်တဲ့ ဂွါဒီယိုလာ

၂၀၂၅ - ၂၆ ရာသီကို နှေးကွေးစွာစတင်နိုင်မှုနဲ့အတူ မန်စီးတီးနည်းပြ ဂွါဒီယိုလာက body language တိုးတက်လာနဲ့ပတ်သက်ပြီး ချီးကျူးလိုက်ပါတယ်။ စီးတီးဟာ စနေနေ့တုန်းက ဘန်လေကို ဟာလန်းရဲ့သွင်းဂိုး ၂ ဂိုးနဲ့အတူ ၅-၁ နဲ့အနိုင်ရပြီးနောက် ပြိုင်ပွဲစုံ ၅ ပွဲဆက် အရေးမနိမ့်အောင် ကစားထားနိုင်ခဲ့ပါတယ်။

စီးတီးဟာ ကြားရက်တုန်းကလည်း ကာရာဘောင်ပွဲအဖြစ် ဟက်ဒါဖီးလ်အသင်းကို ၂-၀ နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ အခုလည်း ဘန်လေကို ၅-၁ နဲ့ အနိုင်ယူကာ ၃ မှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။ ဘန်လေကိုအနိုင်ရပြီးနောက် စီးတီးဟာ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲဆက် အရေးမနိမ့်အောင်ကစားနိုင်ခဲ့ပြီး ၄ ပွဲကိုအနိုင်ရလဒ်နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်ကို ၃-၀ နဲ့အနိုင်ရပြီးနောက် စီးတီးဟာ ချန်ပီယံလိဂ်မှာ နာပိုလီ ၊ အဲ့နောက် ဟက်ဒါဖီးလ် နဲ့ ဘန်လေတို့ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ စီးတီးအနိုင်မရခဲ့တဲ့တစ်ပွဲက အာဆင်နယ်ကိုဖြစ်ပြီး အမ်းမရိတ်မှာ ၁-၁ သရေကျခဲ့တာဖြစ်ပါတယ်။ လိဂ်ပွဲ ၂ ပွဲဆက်အရေးနိမ့်ပြီးနောက် စီးတီးဟာ ယူနိုက်တက်နဲ့ပွဲကနေ ပြန်လည်ရုန်းထနိုင်ခဲ့တာဖြစ်ပါတယ်။

ဘန်လေနဲ့ပွဲအပြီး သတင်းစာရှင်းပွဲမှာ ဂွါဒီယိုလာက “လွန်ခဲ့တဲ့ ၂ ပတ်က မန်ချက်စတာဒါဘီမှာအနိုင်ရပြီးကတည်းက အသင်းက တိုးတက်လာသလို body language လည်း တိုးတက်လာပါတယ်။ အာဆင်နယ်နဲ့ပွဲတုန်းက သူတို့ ကစားတာမကောင်းခဲ့ရင်တောင် သူတို့ ဘယ်လိုကာကွယ်ရမလဲ ၊ ဘယ်လိုတစ်ဦးနဲ့တစ်ဦးကူညီရမလဲဆို သိလာပါတယ်။ အဲ့တာက အရာအားလုံးရဲ့သော့ချက်ပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာက တောင်ပံကစားသမား ဒိုကူရဲ့စွမ်းဆောင်ရည်ကို ဘန်လေနဲ့ပွဲအပြီးမှာ ချီးကျူးပြောကြားခဲ့ပါတယ်။ ဒိုကူရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဂွါဒီယိုလာက  “ကျွန်တော် တောင်ပံကစားသမားတွေရဲ့တစ်ဦးချင်း ဒါမှမဟုတ် ၁ ဦး နဲ့ ၂ ဦးကျော်ဖြတ်မှုကို မေးလေ့ရှိပါတယ်။ ကျွန်တော် ဂျယ်ရီမီရဲ့ပြိုင်ဘက်ဧရိယာထဲက အဆုံးသတ်ပေးပို့မှုတွေ တိုးတက်လာတာကို ခံစားမိပါတယ်။အတိတ်ကာလတုန်းနဲ့ယှဉ်ရင် သူဟာလန်းရဲ့ဂိုးကိုဖန်တီးနိုင်ခဲ့သလို နေရာလွတ်တွေလည်း မြင်နိုင်ပါတယ်။

ခံစစ်ပိတ်ကစားတတ်တဲ့အသင်းတွေနဲ့ဆိုရင် သူတကယ့်ကိုကြီးမားစွာခြိမ်းခြောက်နိုင်ပါတယ်။ သူက အသင်းအတွက် တကယ်အရေးပါသလို အသင်းရဲ့ကစားကွက်အပြောင်းအလဲမှာ သူက ရုန်းကန်ခဲ့ရပေမယ့် အခုတော့ အဆင်ပြေလာပါပြီ။ အခုဆို သူကပွဲကိုဖတ်လာနိုင်ပါပြီ။ ပြိုင်ဘက်က ဒိုကူကို ၂ ယောက် ဒါမှမဟုတ် ၃ ယောက်အထိ ပိတ်ကစားလာပါပြီ။ သူ့ကိုတစ်ဦးချင်းခွင့်မပြုတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ကိုကမရပ်တန့်နိုင်ပါဘူး။

ဂျယ်ရီမီက ဘယ်ကော ညာပါကစားနိုင်ပါတယ်။ ဒါ့အပြင် ပြိုင်ဘက်ကစားသမားတွေကိုလည်း ဖတ်လာနိုင်ပါပြီ”လို့  ဂွါဒီယိုလာက ထပ်လောင်းပြောကြားခဲ့ပါတယ်။ စီးတီးဟာ လာမယ့်မိုနာကိုနဲ့ချန်ပီယံလိဂ်ပွဲမှာလည်း ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ စီးတီးဟာ ဘရန့်ဖို့ဒ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။