
ယူနိုက်တက်နဲ့ပွဲမှာ ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူခဲ့ကြတဲ့ ဟာလန်းနဲ့ ဖိုဒန်ကို ဂွါဒီယိုလာချီးကျူး
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက တနင်္ဂနွေနေ့ညက ယူနိုက်တက်ကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးတွေသွင်းယူပေးခဲ့ကြတဲ့ တိုက်စစ်မှူး အာလင်းဟာလန်းနဲ့ ကွင်းလယ်လူ ဖီးလ်ဖိုဒန်တို့ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။
ဂွါဒီယိုလာက ဟာလန်းဟာ ဆုဖလား ၃ လုံးအောင်မြင်မှုရခဲ့တဲ့ ရာသီကထက်ပိုကောင်းနေကြောင်းနဲ့ ဖိုဒန်ကတော့ အသင်းရဲ့ အဓိကအကျဆုံးကစားသမားဖြစ်တယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ဘက်ကို ၂ ဂိုးအထိသွင်းနိုင်ခဲ့တဲ့ဟာလန်းဟာ ဒီရာသီပရီးမီးယားလိဂ် ၄ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၅ ဂိုးအထိ ရရှိထားပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် နော်ဝေးလက်ရွေးစင်ဟာ သမိုင်းတစ်လျှောက်ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံးကစားသမားစာရင်းမှ ချဲလ်ဆီးဂန္ထဝင်ဒီဒီယာဒရော့ဘာရဲ့ သွင်းဂိုးအရေအတွက်ကိုလည်း ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။
ယခုပွဲစဉ်မှာ မန်စီးတီးအတွက်ဦးဆောင်ဂိုးကို ပထမပိုင်း ၁၈ မိနစ်မှာပဲ ဂျရယ်မီဒိုကူရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် ဖိုဒန်က လှလှပပခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး ဟာလန်းကတော့ ဒုတိယပိုင်းရောက်မှသာ ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက်ကစားခဲ့တဲ့ နောက်ဆုံး ၁၀ ပွဲမှာ သွင်းဂိုး ၁၆ ဂိုးအထိရရှိထားတာလည်းဖြစ်ပါတယ်။
ပွဲအပြီးမှာ ဂွါဒီယိုလာက "ဟာလန်းက ဒီရာသီအစမှာကတည်းက ပုံစံကောင်းပြခဲ့ပြီး အခုချိန်မှာတော့ ပိုကောင်းလာပါပြီ။ ပြောရမယ်ဆိုရင် ဖလား ၃ လုံးရခဲ့တဲ့ရာသီကထက်တောင်ပိုကောင်းနေတာပါ။ ကျွန်တော်တို့ သွင်းဂိုးတွေရဖို့ သူ့အကူအညီကို အဓိကလိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဖိုဒန်နဲ့ပတ်သက်ပြီးတော့လည်း စပိန်သားနည်းပြက "ကျွန်တော်တို့သူ့ကို အကြာကြီးလက်လွှတ်ထားခဲ့ရတာပါ။ သူက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားဆုကို ရထားခဲ့သူဆိုတော့ အသင်းအတွက် လိုအပ်တဲ့ကစားသမားဆိုတာ ငြင်းလိုမရပါဘူး။ သူက အလုပ်အပေါ်မှာအရမ်းလေးစားတတ်သူပါ။ အသင်းရဲ့ အဓိက အကျဆုံးကစားသမားလည်းဖြစ်ပါတယ်။ သူ့ကို အခုလိုပြန်သုံးခွင့်ရတာ ဝမ်းသာစရာပါ" လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ နွေရာသီမှာ အသင်းမှထွက်ခွာသွားခဲ့တဲ့ ဂန္ထဝင်ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းနေရာမှာ ဖိုဒန်နဲ့အစားထိုးနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ လာမယ့် ကြာသပတေးနေ့မှာတော့ မန်စီးတီးဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် နာပိုလီနဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်လို့ ဖိုဒန်နဲ့ ဒီဘရိုင်းတို့ဟာ ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်သွားရပါမယ်။