အသင်းရဲ့ နည်းဗျူဟာပိုင်းဝေဖန်ခံရမှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က မကြာခဏဆိုသလိုဝေဖန်ခံနေရတဲ့ အသင်းရဲ့နည်းဗျူဟာပိုင်းနဲ့ပတ်သက်ပြီး နည်းဗျူဟာတွေက အရေးမကြီးကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုလာခဲ့ပါတယ်။ ပြီးခဲ့တဲ့လအစောပိုင်းက ဆန်းဒါးလန်းကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှစတင်ပြီး ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက်မရှုံးအောင်ကစားထားနိုင်ခဲ့ပါတယ်။ အာမိုရင်ဟာ ကြီးမားတဲ့ဖိအားတွေနဲ့ ဝေဖန်မှုတွေကြားကနေ ယူနိုက်တက်ကို အခုလိုပဲရှုံးပွဲတွေနဲ့ဝေးကွာအောင် ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပေမယ့် နည်းဗျူဟာပိုင်းမှာတော့ ဝေဖန်ခံနေရဆဲဖြစ်ပါတယ်။
အဆိုပါပွဲစဉ် ၅ ပွဲအတွင်းယူနိုက်တက်ဟာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးကိုအနိုင်ရခဲ့သလို၊ နော်တင်ဟမ်ဖောရက်စ်နဲ့ တော့တင်ဟမ်တို့လိုအသင်းတွေကိုလည်း နောက်ကနေလိုက်ပြီး သရေကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ နည်းဗျူဟာတွေနဲ့ပတ်သက်ပြီး အာမိုရင်က "ကျွန်တော်တို့ပိုကောင်းအောင်ကစားလာနိုင်ပါတယ်။ ဒီလိုပိုကောင်းလာတာ ကျွန်တော်တို့မှာ ယုံကြည်မှုရှိလာလို့ပါပဲ။ ဥပမာ လီဗာပူးနဲ့ပွဲမှာအနိုင်ရလိုက်တာက အသင်းရဲ့ယုံကြည်ချက်ကို ပိုမိုခိုင်မာလာစေခဲ့ပါတယ်"
"အသင်းက တိုးတက်နေပါတယ်။ ဒါပေမယ့် တော့တင်ဟမ်နဲ့ပွဲအပြီး ကာရင်တန်ကိုပြန်လာတဲ့အချိန် ပွဲကိုပြန်ကြည့်လိုက်တော့ အသင်းရဲ့လိုအပ်ချက်တွေကိုတွေ့ပြီး မပြည့်စုံသေးဘူးဆိုတာ သိလိုက်ပါတယ်။ ပွဲစဉ်တိုင်းကိုအနိုင်ရတဲ့အသင်းမျိုးဖြစ်ဖို့ အများကြီးလိုအပ်နေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ လုပ်စရာတွေအများကြီးကျန်ပါသေးတယ်။ အသင်းရဲ့ကစားကွက်က ပြဿနာမဟုတ်ဘူးဆိုတာလည်း ကျွန်တော်လပေါင်းများစွာပြောနေခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။
နည်းပြဟောင်းအဲရစ်တန်ဟက်နေရာကို စတင်ဝင်ရောက်ချိန်မှာတော့ အာမိုရင်ဟာ ယူနိုက်တက်ကိုဦးဆောင်ဖို့အတော်လေးရုန်းကန်ခဲ့ရပေမယ့် ယခုအခါမှာတော့ အသင်းမှာအသားကျနေပြီဖြစ်ပြီး လက်ရှိသူ့ရဲ့နည်းဗျူဟာတွေကလည်း အစသာရှိသေးကြောင်း ထပ်မံပြောကြားလာခဲ့ပါတယ်။
ပေါ်တူဂီသားနည်းပြက "အသင်းတစ်သင်းမှာ ကစားပုံတည်ဆောက်တာက စတင်မှုတစ်ခုပါပဲ။ နောက်ပိုင်းမှ အသင်းရဲ့ကစားပုံရွေ့လျားမှု၊ ကစားတဲ့ပုံစံနဲ့ ဘယ်လောက်အထိ ကျွမ်းဝင်မှုရှိသလဲဆိုတာ ဖြစ်လာတာပါ။ ဒီရာသီမှာ ကျွန်တော်တို့ရုန်းကန်ခဲ့ရတဲ့ပွဲတွေကိုကြည့်မယ်ဆိုရင် ကစားကွက်ကြောင့်မဟုတ်ပါဘူး။ စိတ်ဓာတ်ပြင်းထန်မှုမရှိလို့ပါ။ ပရီးမီးယားလိဂ်မှာ ပွဲတွေအများကြီးနိုင်ချင်တယ်ဆိုရင် ကျွန်တော်တို့ ပြီးပြည့်စုံတဲ့အခြေအနေအထိ ကြိုးစားဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။