နည်းပြဟောင်း ရူဘင်အာမိုရင်ကို ချီးကျူးစကားပြောကြားလာတဲ့ ကွန်ဟာ
ရူဘင်အာမိုရင် လက်ထက် ၁၈ လကြာ အဆင်မပြေမှုတွေ ကြုံတွေ့ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ဟာ မိုက်ကယ်ကာရစ် လက်ထက်မှာတော့ နောက်ဆုံးမှာ လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်လာခဲ့ပါပြီ။
ပေါ်တူဂီလူမျိုး နည်းပြလက်ထက်မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ပွဲသာ အနိုင်ရခဲ့ပြီး ဒါဟာ တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ကိန်းဂဏန်းတစ်ခုပါပဲ။ သူတို့ရဲ့ အရှည်ကြာဆုံး အနိုင်ရလဒ်ဟာလည်း ၃ ပွဲဆက်တိုက်ပဲ ရှိခဲ့ပါတယ်။ ယာယီနည်းပြအဖြစ် ရောက်ရှိလာတဲ့ ကာရစ်ကတော့ ဒီဆိုးရွားတဲ့ မှတ်တမ်းကို ချက်ချင်းချေဖျက်နိုင်ခဲ့ပါတယ်။ အင်္ဂလန်လိဂ် ချန်ပီယံ ၂၀ ကြိမ်ရ အသင်းဟာ သူရောက်လာပြီး ပထမဆုံး ၄ ပွဲဆက်တိုက် အနိုင်ရခဲ့သလို လက်ရှိမှာလည်း ၅ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။
ကွင်းလယ်လူဟောင်းရဲ့ လက်အောက်မှာ ရရှိထားတဲ့ ဒီရလဒ်ကောင်းတွေကြောင့် အိုးထရက်ဖို့ဒ်အခြေစိုက်အသင်းဟာ အမှတ်ပေးဇယား အဆင့် ၄ အထိ တက်လှမ်းလာနိုင်ခဲ့ပြီး အဆင့် ၃ က အက်စတွန်ဗီလာနဲ့ ၅ မှတ်သာ ကွာဟပါတော့တယ်။ ကာရစ် ရောက်လာတာဟာ ယူနိုက်တက်ကို အပြောင်းအလဲတွေ ဖြစ်စေခဲ့သလို အရင်နည်းပြလက်ထက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ကစားသမားတချို့လည်း ကာရစ်လက်ထက်မှာ ပြန်လည်ခြေစွမ်းပြလာခဲ့ပါတယ်။ ကိုဘီ မိနူးကတော့ အထင်ရှားဆုံး ဥပမာတစ်ခုပါပဲ။
ဒါပေမဲ့လည်း မားသီးယပ်စ် ကွန်ဟာကတော့ ဒီရာသီ ယူနိုက်တက် တိုးတက်လာရတဲ့ အကြောင်းရင်းတွေထဲမှာ ရူဘင်အာမိုရင်လည်း ပါဝင်တယ်လို့ ချီးကျူးခဲ့ပါတယ်။ DAZN နဲ့ အင်တာဗျူးမှာ ဘရာဇီးလ်ကြယ်ပွင့်က "ရူဘင် လုပ်ဆောင်ပေးခဲ့သမျှ အရာအားလုံးအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်။ အခြေအနေတွေ ပြောင်းလဲသွားတဲ့အခါ အရင်ကဖြစ်ပျက်ခဲ့တာတွေကို အဆိုးမြင်ကြည့်ဖို့က သိပ်လွယ်ပါတယ်။ ဒါပေမဲ့ တကယ်တော့ အဲ့ဒီလိုမဟုတ်ပါဘူး၊ သူဟာ တကယ့်ကို အံ့ဩဖို့ကောင်းတဲ့သူပါ။ ကစားသမားအသစ် အများအပြားဟာ သူ့ကြောင့် ရောက်လာခဲ့တာ ဖြစ်သလို အခုကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အောင်မြင်မှုတွေရဲ့ အစိတ်အပိုင်းတော်တော်များများကလည်း သူ့ကြောင့်ပါပဲ" လို့ ရှင်းပြခဲ့ပါတယ်။
စပို့တင်းလစ္စဘွန်း နည်းပြဟောင်း ရင်ဆိုင်ခဲ့ရတဲ့ အကြီးမားဆုံး ဝေဖန်မှုတစ်ခုကတော့ အသင်းနဲ့ မရင်းနှီးတဲ့ ၃-၄-၃ ကစားကွက်ကိုပဲ ဇွတ်အတင်း အသုံးပြုခဲ့တာပါပဲ။ ဒါပေမဲ့လည်း ကွန်ဟာကတော့ အာမိုရင်ကိုပဲ ချီးကျူးနေဆဲပါ။ အဲ့ဒီကစားကွက်ကြောင့် ဘရူနိုဖာနန်ဒက်စ် အပါအဝင် ကစားသမားအချို့ဟာ မိမိတို့ အသားကျတဲ့ နေရာမှာ မကစားခဲ့ရပါဘူး။ ဒါပေမဲ့ ကွန်ဟာကတော့ ကစားသမားတွေဟာ ကစားကွက်အကြောင်းကိုပဲ အာရုံရောက်နေကြပြီး အခြေခံကျတဲ့ အချက်တွေကို လုပ်ဆောင်ဖို့ မေ့လျော့နေခဲ့ကြတာလို့ ဆိုပါတယ်။
ဒါဟာ နောက်ဆုံးမှာ ရူဘင်အာမိုရင် ရာထူးက ထုတ်ပယ်ခံရတဲ့ အကြောင်းရင်း ဖြစ်လာခဲ့ပါတယ်။ "ဒီကစားကွက် အောင်မြင်ဖို့အတွက် ဖိအားတွေက အရမ်းများလွန်းတော့ အခြေအနေတွေကို ရိုးရိုးရှင်းရှင်း မမြင်နိုင်တော့ဘဲ အဆိုးမြင်တဲ့ဘက်ကိုပဲ အာရုံရောက်သွားခဲ့ကြတာပါ။ အမှန်အတိုင်းပြောရရင် ဘောလုံးလောကက ကိန်းဂဏန်းတွေဟာ လူကို လမ်းမှားရောက်စေတတ်ပါတယ်။ ကျွန်တော်တို့ဟာ နည်းလမ်းမျိုးစုံနဲ့ တိုက်စစ်ဆင်ခဲ့သလို လူတိုင်းက ရူဘင်ရဲ့ ကစားကွက်လို့ ပြောကြတဲ့ ပုံစံနဲ့ပဲ ခံစစ်ကို ပိတ်ဆို့ခဲ့ကြတာပါ" လို့ သူက ဆက်ပြောပါတယ်။
ရူဘင်အာမိုရင်ဟာ အသင်းမှာ ပြဿနာရှိတဲ့ ကစားသမားတွေကို ရှင်းထုတ်နိုင်ခဲ့သလို ယူနိုက်တက်အတွက် အောင်မြင်တဲ့ နွေရာသီ အပြောင်းအရွှေ့တစ်ခုဖြစ်အောင်လည်း လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါတွေကပဲ သူ့ရဲ့ ကောင်းကွက်တွေ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ နိုင်ပွဲရရှိမှု ရာခိုင်နှုန်းက ဘယ်လောက်အထိ ဆိုးရွားခဲ့လဲဆိုတာ အထင်အရှားပါပဲ။ မားသီးယပ်စ် ကွန်ဟာရဲ့ ချီးကျူးစကားတွေကလည်း ဒီအမှန်တရားကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပါဘူး။