တော့တင်ဟမ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ ဒီဇာဘီ
မာဆေးလ်အသင်းရဲ့ နည်းပြဟောင်း ရော်ဘတ်တို ဒီဇာဘီနဲ့ တော့တင်ဟမ်အသင်းတို့ဟာ ဆွေးနွေးမှုတွေ ပြုလုပ်နေကြပါတယ်။
လာမယ့် နွေရာသီမှာ အသင်းကို လာရောက်ကိုင်တွယ်ဖို့အတွက် စပါးအသင်းက ဒီဇာဘီနဲ့ စကားပြောဆိုမှုတွေ ရှိနေတယ်လို့ The Telegraph သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ မြောက်လန်ဒန်ကလပ်ဟာ ပရီမီယံလိဂ်မှာ တန်းမဆင်းရဘဲ ဆက်ရှိနေမှသာ အီတလီလူမျိုးနည်းပြဟာ နည်းပြသစ်ဖြစ်လာဖို့ ရွေးချယ်စရာတစ်ခု ဖြစ်လာမှာပါ။
လောလောဆယ်မှာတော့ အီဂေါ တူဒါက တော်တင်ဟမ်နည်းပြအဖြစ် ဆက်ရှိနေဦးမှာဖြစ်ပေမဲ့ အသက် ၄၇ နှစ်အရွယ် နည်းပြဟာ တာဝန်ယူခဲ့တဲ့ ပထမဆုံး ၃ ပွဲလုံး ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ ဆိုးရွားတဲ့ အစပြုမှုကြောင့် ဖိအားတွေ အကြီးအကျယ် ကြုံတွေ့နေရပါတယ်။
တကယ်လို့ တူဒါသာ ရာထူးက ထွက်ခွာခဲ့ရင် လက်ရှိ ဘူဒါပတ်စ်အခြေစိုက် ဖာရန်ဗာရော့စ်အသင်းကို ကိုင်တွယ်နေတဲ့ အသင်းရဲ့ ဂန္ထဝင်ကစားသမား ရော်ဘီကိန်းကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့လည်း အမည်စာရင်း ထွက်ပေါ်နေပါတယ်။
စပါးအသင်းဟာ ပရီမီယံလိဂ် အဆင့် ၁၆ မှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့ ၁ မှတ်သာ ကွာဟပါတော့တယ်။ ဒါ့အပြင် သူတို့ဟာ ၂၀၂၆ ခုနှစ်အတွင်း လိဂ်ပွဲစဉ်တွေမှာ တစ်ပွဲမှ အနိုင်မရသေးဘဲ ဖြစ်နေပါတယ်။