နယူးယောက်ရှိ ယန်ကီးကွင်းမှာ ရာသီကြိုခြေစမ်းပွဲကစားကြမယ့် လီဗာပူးနဲ့ ၀ရက်ဇ်ဟမ်း
ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးအသင်းက ဇူလိုင် ၂၉ ရက်၊ နယူးယောက်မြို့ရှိ ယန်ကီးကွင်း (Yankee Stadium) မှာ ဟောလိဝုဒ်စတားတွေပိုင်ဆိုင်တဲ့ ၀ရက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ကစားသွားပါလိမ့်မယ်။ ဒါက အသင်းနှစ်ခုလုံးအတွက် ပွဲစဉ်သုံးခုပါအမေရိကန်ရာသီကြိုခရီးစဉ်ရဲ့တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးက ဇူလိုင် ၂၅ ရက်၊ နက်ရှ်ဗေးလ်မြို့ရှိ Geodis Park ကွင်းမှာ ဆန်းဒါးလန်း၊ သြဂုတ် ၂ ရက်၊ ချီကာဂိုမြို့ရှိ Soldier Field ကွင်းမှာ လိဒ်စ်ယူနိုက်တက်တို့နဲ့ ယှဉ်ပြိုင်ကစားဖို့လည်း ရှိနေပါတယ်။
"အမေရိကန်မှာ လီဗာပူးပရိသတ် ၂၆ သန်းကျော်ရှိပြီး ဒါက အမေရိကန်နိုင်ငံအတွင်း တခြားဘယ်ပရီးမီးယားလိဂ်ကလပ်ထက်မဆို အမြန်ဆုံးတိုးပွားလာနေတဲ့ ပရိသတ်အင်အားစုဖြစ်သလို ပြီးခဲ့တဲ့ရာသီ၊ အမေရိကန်မှာ ကြည့်ရှုသူအများဆုံးအသင်းကလည်း လီဗာပူးပဲ ဖြစ်ပါတယ်" လို့ မာဆေးဆိုဒ်ကလပ်အသင်းက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်က လီဗာပူးအသင်းရဲ့ နိုင်ငံတကာအမှတ်တံဆိပ်ပစ္စည်းရောင်းချမှုအများဆုံးဈေးကွက်ဖြစ်ပြီး ပြည်နယ် ၃၂ ခုမှာ တရားဝင်ပရိသတ်အသင်း (Official Supporters Clubs) ၆၂ ခုနဲ့ ပြည်နယ် ၁၂ ခုမှာ နိုင်ငံတကာဘောလုံးအကယ်ဒမီကျောင်းတွေ ဖွင့်လှစ်ထားပါတယ်။
၂၀၂၁ ခုနှစ်မှာ ရုပ်ရှင်မင်းသားတွေဖြစ်တဲ့ ရိုင်ယန်ရေးနိုးလ်နဲ့ ရော့ဘ်မက်အယ်လ်ဟန်နီတို့ ပိုင်ဆိုင်လာခဲ့ပြီး "Welcome to Wrexham" ဆိုတဲ့ အမ်မီဆုရ မှတ်တမ်းတင်ရုပ်ရှင်နဲ့အတူ ကမ္ဘာတစ်ဝှမ်း လူသိများလာတဲ့ ၀ရက်ဇ်ဟမ်းအသင်းကတော့ ဇူလိုင် ၂၅ ရက်၊ တန်ပါမြို့ရှိ Raymond James ကွင်းမှာ လိဒ်စ်နဲ့ အရင်ဆုံး ရင်ဆိုင်ကစားသွားရပါမယ်။
လီဗာပူးနဲ့ပွဲစဉ်အပြီးမှာတော့ သူတို့က သြဂုတ် ၂ ရက်၊ ဖီလာဒဲလ်ဖီးယားမြို့ရှိ Subaru Park ကွင်းမှာ ဆန်းဒါးလန်းအသင်းနဲ့ ဆက်ကစားသွားပါလိမ့်မယ်။
၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာလည်း အမေရိကန်ခရီးစဉ်တွေ သွားရောက်ခဲ့တဲ့ ၀ရက်ဇ်ဟမ်းက အင်္ဂလန် ပဉ္စမတန်းမှ ချန်ပီယံရှစ်အထိ သုံးနှစ်ဆက်တိုက် တန်းတက်လာနိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ၀ရက်ဇ်ဟမ်းက ချန်ပီယံရှစ်အမှတ်ပေးဇယားဆဋ္ဌမနေရာမှာ ရှိနေပြီး ပလေးအော့ဖ်မှတဆင့် ပရီးမီးယားလိဂ်ဆီ တန်းတက်နိုင်အောင် ကြိုးစားနေပါတယ်။
"ကျွန်တော်တို့အားလုံး ရာသီကြိုပြင်ဆင်မှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်ဆီ ပြန်သွားဖို့ စိတ်အားထက်သန်နေကြပါတယ်" လို့ ၀ရက်ဇ်ဟမ်းနည်းပြဖီးလ်ပါကင်ဆန်က ပြောပါတယ်။
"ပြီးခဲ့တဲ့အမေရိကန်ခရီးစဉ်တွေမှာ ပရိသတ်တွေဆီမှ အံ့အားသင့်စရာအားပေးမှုတွေ ရရှိခဲ့သလို အခုလည်း ပရိသတ်တွေနဲ့ တစ်ကျော့ပြန်တွေ့ဆုံရဖို့ရှိနေလို့ ဒီအခွင့်အရေးကို မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ၂၀၂၆-၂၇ ရာသီအတွက် ပြင်ဆင်မှုမှာ အဓိကကျတဲ့ပွဲစဉ်တွေအဖြစ် အရည်အသွေးမြင့် ပြိုင်ဘက်သုံးသင်းနဲ့ ကစားသွားရပါမယ်" လို့ သူက ဆိုပါတယ်။
လက်ရှိအင်္ဂလန်ပရီးမီးယားလိဂ်အဆင့်-၅ နေရာမှာရှိနေတဲ့ လီဗာပူးအသင်းကတော့ ယန်ကီးကွင်းဆီ တတိယအကြိမ်မြောက်လာရောက်ဖို့ရှိနေပြီး ဒီကွင်းမှာ ၂၀၂၉ ခုနှစ်၊ စပို့တင်းလစ္စဘွန်းကို သရေကျခဲ့သလို ၂၀၁၄ ခုနှစ်မှာတော့ မန်စီးတီးကို ပင်နယ်တီနဲ့ အနိုင်ရခဲ့ဖူးပါတယ်။