The network connection is lost.

Banner Image

ပေါဗေးလ်က အနိုင်ရလဒ်နဲ့ထိုက်တန်တယ်လို့ ဝန်ခံပြောကြားလာတဲ့ လီဘရစ်

ဒီနေ့ကစားခဲ့တဲ့ FA ဖလားပြိုင်ပွဲမှာ ပေါ့ဗေးလ်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာနဲ့ ပတ်သက်လို့ ဆင်ခြေပေးစရာ ဘာမှမရှိဘူးလို့ ဆန်းဒါးလန်းနည်းပြ ရီဂျစ် လီဘရစ်က အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ဒီပွဲမှာ ပေါ့ဗေးလ်အသင်းက ဘန်ဝိန်းရဲ့ သွင်းဂိုးနဲ့ ၁ ဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ၁၉၅၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ လီဘရစ်က "ပြိုင်ဘက်အသင်းကို ချီးကျူးရမှာပါ၊ သူတို့က နိုင်လိုစိတ်အပြည့်၊ စိတ်ရှည်လက်ရှည်နဲ့ အားစိုက်ပြီး ကစားသွားခဲ့တာပါ။ ကျွန်တော်တို့ဘက်ကတော့ အဆင့်မီအောင် မကစားနိုင်ခဲ့ပါဘူး။ ဘောလုံးအဖိတ်အစင်တွေကို လုယူရတဲ့ ပွဲမျိုးဖြစ်ခဲ့ပြီး ကျွန်တော်တို့ရဲ့ အားသာချက်တွေကို ကွင်းထဲမှာ ထုတ်မပြနိုင်ခဲ့ပါဘူး" လို့ မှတ်ချက်ပေးခဲ့ပါတယ်။

"ဒါကတော့ ဘောလုံးပွဲရဲ့ သဘာဝပါပဲ။ ဒါပေမဲ့ မလွယ်ကူသလို တကယ်လည်း စိတ်ပျက်မိပါတယ်။ အဝေးကွင်းအထိ တကူးတက လာရောက်အားပေးကြတဲ့ ပရိသတ်တွေအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်၊ ဘာလို့လဲဆိုတော့ ပွဲအဖြေကို ပြောင်းလဲနိုင်လောက်တဲ့ အားထုတ်မှုမျိုး ကျွန်တော်တို့ မပြနိုင်ခဲ့လို့ပါ။ ဒီပြိုင်ပွဲက အရမ်းခက်ခဲကြမ်းတမ်းပြီး မိနစ် ၉၀ အတွင်းမှာ ဘာမဆို ဖြစ်သွားနိုင်တာမျိုးပါ" လို့ ၎င်းက ဆိုပါတယ်။

"ကစားသမားတွေကတော့ အကောင်းဆုံးဖြစ်အောင် လုပ်ချင်ခဲ့ကြတာပါ၊ ဒါပေမဲ့ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ အခြေအနေကတော့ ဒါပါပဲ။ ပရီးမီးယားလိဂ်က ကျွန်တော်တို့ရဲ့ နံပါတ်တစ် ရည်မှန်းချက်ဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ ရှိတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့သလို သေချာလည်း လေ့ကျင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကွင်းထဲမှာ အစွမ်းကုန် မပြနိုင်ရင်တော့ အခုလို အပြစ်ပေးခံရမှာပဲ၊ ဒါက ဒီနေ့ဖြစ်သွားတဲ့ အခြေအနေပါ" လို့ သူက ဆက်ပြောပါတယ်။

ကွင်းမျက်နှာပြင် အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း လီဘရစ်က "ကွင်းကတော့ ကွင်းပါပဲ၊ ကျွန်တော်တို့ ဒါကို ဆင်ခြေအဖြစ် အသုံးမပြုပါဘူး။ ကွင်းအခြေအနေကြောင့် နည်းစနစ်ပိုင်းနဲ့ နည်းဗျူဟာပိုင်းတွေမှာ အသင်းနှစ်သင်းလုံး တန်းတူလို ဖြစ်သွားစေပါတယ်။ ဒါပေမဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ပိုင်းမှာတော့ သူတို့က ပိုကောင်းခဲ့ပါတယ်။ ပရိသတ်တွေ၊ ကွင်းအခြေအနေနဲ့ ပွဲရဲ့ အရှိန်အဟုန်တွေကြားမှာ သူတို့က ပိုပြီး အားစိုက်ခဲ့လို့ အနိုင်ရဖို့ ထိုက်တန်ခဲ့တာပါ" လို့ ပြောကြားသွားခဲ့ပါတယ်။