လီဗာပူးလ်အသင်းဖော်၊ လူငယ်ကစားသမားလေး အန်ဂူမိုဟာရဲ့စိတ်နေစိတ်ထားနဲ့ပတ်သက်လို့ ကျေနပ်အားရနေတဲ့ ဗန်ဒိုက်
လီဗာပူးလ်အသင်းခေါင်းဆောင်ဗန်ဒိုက်က လူငယ်ကစားသမားရီယိုအန်ဂူမိုဟာရဲ့စိတ်နေစိတ်ထားနဲ့ တိုးတက်မှုတွေအပေါ် အသင်းရဲ့စီနီယာကစားသမားတွေ အားလုံး ကျေနပ်အားရနေတယ်လို့ ပြောကြားခဲ့ပါတယ်။
အသက် ၁၇ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့သောကြာညပိုင်း၊ ဝုဗ်ကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး အက်ဖ်အေမှချီးမြှင့်တဲ့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရှင် ဖြစ်လာတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ပွဲစဉ်အပြီးမှာ အန်ဂူမိုဟာနဲ့ပတ်သက်လို့ ဗန်ဒိုက်က “သူ့မှာ တစ်ဦးချင်းရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းတွေ၊ ပြိုင်ဘက်တွေကို အရှိန်အဟုန်နဲ့ ထိုးဖောက်နိုင်တဲ့ပုံစံတွေနဲ့ပတ်သက်ရင် ထူးခြားတဲ့ပါရမီ ဘယ်လောက်အထိရှိတယ်ဆိုတာကို ကျွန်တော်တို့ နေ့တိုင်းမြင်တွေ့နေရပါတယ်” လို့ ပြောပါတယ်။
“သူက တကယ်ကိုကြိုးစားတဲ့ကောင်လေးပါ။ စိတ်ထားလည်း ကောင်းသလို ကျွန်တော်တို့ကလည်း သူ့ကို ကောင်းကောင်းဂရုစိုက်ပေးနေပါတယ်။ ကျွန်တော်တို့ သူ့ကို အမြဲစကားပြောပေးသလို သူကလည်း ဆက်ပြီးသင်ယူဖို့၊ အရာအားလုံးကို လေ့လာမှတ်သားပြီး သူ့ရဲ့တိုးတက်မှုအတွက် အသုံးချဖို့ လိုအပ်ပါတယ်။ သောကြာနေ့ကတော့ သူ့အတွက် တကယ်ကို ကောင်းမွန်တဲ့နေ့ရက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အတော်လေးကို ကောင်းလွန်းပါတယ်။ အန်ဂူမိုဟာကိုယ်တိုင်လည်း အခုထက်ပိုပြီး ကြိုးစားသွားရပါမယ်” လို့လည်း ဗန်ဒိုက်က ဆိုပါတယ်။