ဘုန်းမောက်ကွင်းလယ်လူ မားကပ်စ်တာဗေးနီးယားကို ပေါင် ၄၀ သန်းနဲ့ ခေါ်ယူဖို့ ယူနိုက်တက် စီစဉ်နေ
ယူနိုက်တက်အသင်းဟာ ဘုန်းမောက်အသင်းရဲ့ ကွင်းလယ်လူ မားကပ်စ်တာဗေးနီးယားကို ပေါင် ၄၀ သန်းအထိ အသုံးပြုပြီး အံ့အားသင့်ဖွယ် ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းများအရ သိရပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တာဗေးနီးယားဟာ အခုရာသီမှာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ဂိုးသွင်းအများဆုံးရာသီကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ၂၆ ပွဲကစားထားရာမှာ ၆ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်အရ အခုရာသီမှာ ဘယ်တောင်ပံကစားသမားအဖြစ် အများဆုံး ကစားပေးနေတဲ့ တာဗေးနီးယားဟာ ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်တစ်ခု ဖြစ်လာခဲ့တာပါ။
ယူနိုက်တက်နည်းပြ မိုက်ကယ်ကားရစ်ကလည်း လာမယ့်နွေရာသီမှာ ဘယ်တောင်ပံနေရာအတွက် ကစားသမားသစ် ထပ်မံဖြည့်တင်းဖို့ ရှာဖွေနေတယ်ဆိုတာကို မကြာသေးမီကပဲ အတည်ပြုပြောကြားထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ "ကျွန်တော်တို့အနေနဲ့ အသင်းရဲ့ လူစာရင်းကို အကောင်းဆုံး လိုက်လျောညီထွေဖြစ်အောင်နဲ့ မျှတမှုရှိအောင် အမြဲတမ်း ကြိုးစားနေပါတယ်။ ဒါကြောင့် ဒီနေရာအတွက် ကစားသမားသစ်ရှာဖို့ကတော့ သေချာပေါက် လုပ်ဆောင်ရမယ့် အရာတစ်ခုပါပဲ" လို့ ၎င်းက ဖြေကြားခဲ့ပါတယ်။
အမ်ဘွေမို နဲ့ မားသီးယက်စ်ကွန်ဟာ တို့ကို ခေါ်ယူပြီးနောက် ရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြသနိုင်ကြောင်း သက်သေပြပြီးသား ကစားသမားတွေကို အသင်းထဲ ထပ်မံဖြည့်တင်းချင်နေတာလည်း ဖြစ်ပါတယ်။