The network connection is lost.

Banner Image

ဘာစီလိုနာကို ပြန်လာခွင့်ရလို့ မျက်ရည်ကျလောက်တဲ့အထိ ဝမ်းသာပျော်ရွှင်ကြောင်း ဖွင့်ဟလာတဲ့ ကန်ဆယ်လို

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်မှထွက်ခွာပြီး ဘာစီလိုနာသို့ ရာသီဝက် ၆ လအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူ ဂျာအိုကန်ဆယ်လိုက သူဟာ ဘာစီလိုနာထံ ဒုတိယအကြိမ်မြောက် ပြောင်းရွှေ့ခွင့်ရလာခဲ့လို့ အလွန်ဝမ်းသာပျော်ရွှင်မိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ကန်ဆယ်လိုဟာ ၂၀၂၃-၂၄ ဘောလုံးရာသီမှာ မန်ချက်စတာစီးတီးမှထွက်ခွာပြီး ဘာစီလိုနာသို့ တစ်ရာသီအငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့ကာ စပိန်မြေမှာ ခြေစွမ်းပြသကစားနိုင်ခဲ့ပေမယ့် ထိုစဉ်က အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကြောင့် ဘာစီလိုနာအနေနဲ့ ပေါ်တူဂီသားကိုအပြီးသတ်ဝယ်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ထို့နောက် ကန်ဆယ်လိုဟာ ဆော်ဒီမြေသို့ရောက်ရှိသွားခဲ့ပေမယ့် အယ်လ်ဟီလယ်အတွက် ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် ယခုအခါမှာ ဘာစီလိုနာသို့ တကျော့ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ကျောနံပါတ် ၂ အင်္ကျီကို ဝတ်ဆင်သွားမယ်လို့ အတည်ပြုထားပါတယ်။ 

ဘာစီလိုနာနဲ့ စာချုပ်ချုပ်ဆိုပြီးနောက် ကန်ဆယ်လိုက "ဘာစီလိုနာကိုပြောင်းဖို့ အခွင့်အရေးရလာချိန်မှာ ကျွန်တော် ၂ ခါတောင်မစဉ်းစားဘဲ ချက်ချင်းလက်ခံခဲ့ပါတယ်။ ကျွန်တော် ဘာစီလိုနာကိုပဲစောင့်နေမယ်လို့ လူတိုင်းကို ပြောထားပြီးသားပါ။ ဒီကလပ်က ကမ္ဘာ့အကောင်းဆုံးကလပ်ဖြစ်လို့ ဒီမှာကစားခွင့်ရတာ အရမ်းဂုဏ်ယူပါတယ်။ စာချုပ်ချုပ်ချိန်မှာ ကျွန်တော့်ကို ကြက်သီးထပြီး ရင်ခုန်စေတဲ့တစ်ခုတည်းသော ကလပ်က ဘာစီလိုနာပါပဲ"

"ကျွန်တော့်ရဲ့စံပြကစားသမားတွေကလည်း ဒီမှာပဲ ကစားခဲ့ကြတာပါ။ ပထမအကြိမ် ကျွန်တော်ဒီမှာကစားတုန်းက ဆုဖလားမရခဲ့ပါဘူး။ ဒီတစ်ခေါက်မှာတော့ ရနိုင်သမျှ ဆုဖလားအားလုံးဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ကန်ဆယ်လိုအနေနဲ့ ပထမအကြိမ်ဘာစီလိုနာသို့ပြောင်းရွှေ့စဉ်က နူးကမ့်ကွင်းက ပြုပြင်နေဆဲဖြစ်လို့ ကစားခွင့်မရခဲ့ဘဲ အခြားကွင်းတွေမှာသာ ကစားခဲ့ရပေမယ့် ဒီတစ်ကြိမ်မှာတော့ နူးကမ့်ကွင်းကြီးထဲမှာ စတင်ကစားခွင့်ရတော့မှာဖြစ်ပါတယ်။ 

ဆက်လက်ပြီး ပေါ်တူဂီသားက "ကျွန်တော် နူးကမ့်မှာကစားခွင့်ရဖို့ အချိန်အကြာကြီးစောင့်နေခဲ့ရတာပါ။ ဒန်နီအဲလ်ဗက်စ် (ဘာစီလိုနာနောက်ခံလူ‌ဟောင်း) ဒီကွင်းမှာကစားတာမြင်ကတည်းက ကျွန်တော်လည်း သူ့လိုမျိုးကစားချင်ခဲ့တာပါ။ ဒီကွင်းမှာ ပထမဆုံးကစားရမယ့်အခိုက်အတန့်ကို ကြိုတွေးပြီး ရင်ခုန်လွန်းလို့ ကွင်းထဲရောက်ရင် ငိုမိမယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ကျွန်တော်အကြာကြီးမက်ခဲ့ရတဲ့ အိပ်မက်ဖြစ်လို့ပါ" လို့ပြောကြားခဲ့ပါတယ်။