ယူနိုက်တက်သမိုင်းကြောင်းမှာ အာမိုရင်က အရေးပါတဲ့နည်းပြတစ်ယောက်ဖြစ်တယ်လို့ ပြောကြားလာတဲ့ ဒါလော့
မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဒီယေဂိုဒါလော့ကတော့ နည်းပြဟောင်း အာမိုရင်ဟာ အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၄ လတာကာလအတွင်း သူလုပ်ဆောင်ခဲ့တဲ့ အရာအချို့အတွက် အသိအမှတ်ပြုခံရဖို့ ထိုက်တန်တယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ဂယ်ရီလိုင်နက်ကာ၊ ဂယ်ရီနဗီးလ်နဲ့ အီယန်ရိုက်တို့လို ပုဂ္ဂိုလ်တွေကတော့ အာမိုရင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်နေကြတာပါ။
ဒါပေမဲ့ ဒီယေဂိုဒါလော့က Rio Presents အစီအစဉ်မှာ ခုလိုပဲ ပြောခဲ့ပါတယ်။ "အာမိုရင်က ဒီကလပ်ရဲ့ သမိုင်းကြောင်းမှာ တကယ်ကို အရေးပါတဲ့သူ တစ်ယောက်ပါ။ ဒါကို ပြောရတာ နည်းနည်းတော့ ရဲတင်းရာကျနိုင်သလို လူတွေကလည်း ယုံချင်မှ ယုံကြမှာပါ။ ဒါပေမဲ့ သူရောက်လာတာနဲ့ လူတွေ မမြင်နိုင်တဲ့ အရာတော်တော်များများကို ပြောင်းလဲပစ်ခဲ့ပါတယ်။ သူက စည်းကမ်းစနစ်ကျတဲ့ နေရာမှာ ရှိနေရမယ့်သူမျိုးပါ။ စံနှုန်းတွေက အမြဲမြင့်မားနေဖို့ လိုပါတယ်။ သူက ဒါကို ရောက်လာတာနဲ့ ချက်ချင်းပဲ လုပ်ဆောင်ဖို့ ကြိုးစားခဲ့ပြီး ကျွန်တော်တို့လည်း သူ့ရဲ့ အတွေးအခေါ်တွေနဲ့အညီ အမြန်ဆုံး အသားကျအောင် လိုက်ပါခဲ့ရပါတယ်"
အသက် ၂၆ နှစ်အရွယ် ဒီယေဂိုဒါလော့က "ကွင်းထဲမှာ ကျွန်တော်တို့ လုပ်ခဲ့တာတွေက ရလဒ်ပိုင်းအရတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အာမိုရင်ဟာ အခုကျွန်တော်တို့မှာ ရှိနေတဲ့ ကစားသမားစုဖွဲ့မှုကောင်းတစ်ခုကို ဖန်တီးပေးခဲ့တာပါ။ ကျွန်တော်တို့ အသင်းလူစာရင်းကို ကြည့်မယ်ဆိုရင် ခေါ်ယူထားတဲ့ ကစားသမားသစ်တွေက အသင်းကို ပိုပြီး အဆင့်အတန်းမြင့်မားလာအောင် မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ အဆုံးသတ်မှာတော့ ရလဒ်ပေါ်မှာပဲ အခြေခံပြီး ဆုံးဖြတ်ခံရတာမျိုးဆိုတော့ ခုလိုမျိုးတွေ ဖြစ်လာတဲ့အခါ အမြဲတမ်း စိတ်မကောင်းဖြစ်ရပါတယ်။ သူ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ စည်းကမ်းပိုင်းနဲ့ စံနှုန်းတွေကို အကောင်အထည်ဖော်ဖို့ တကယ်ကို အားသွန်ခွန်စိုက် ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ပရီမီယံလိဂ်မှာက ကိုယ်ဟာ အရည်အချင်းရှိတယ်ဆိုတာကို သက်သေပြဖို့ အချိန်အများကြီး မရတတ်ပါဘူး။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ နိုင်ပွဲတွေ မရခဲ့ကြဘူး" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။