မန်စီးတီးနဲ့ပွဲစဉ်မှာ နယူးကာဆယ်ကြယ်ပွင့်တိုနာလီကို အကဲဖြတ်လေ့လာဖို့ ကင်းထောက်တွေစေလွှတ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်
ပြီးခဲ့သည့်စနေနေ့၊ မန်စီးတီးက နယူးကာဆယ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ တိုနာလီရဲ့ခြေစွမ်းကို လေ့လာအကဲဖြတ်နိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်း ကင်းထောက်တွေစေလွှတ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ်ကွင်းလယ်ကစားသမားက ဟာဗေးဘန်းရဲ့အဖွင့်ဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ပေမယ့် မန်စီးတီးရဲ့စွမ်းဆောင်ရည်ပိုင်းပိုမိုသာလွန်ကောင်းမွန်မှုကြောင့် ပက်ဂွါဒီယိုလာရဲ့အသင်းကို အရှုံးပေးခဲ့ရပါတယ်။
တိုနာလီရဲ့အခုရာသီခြေစွမ်းပိုင်းကြောင့် ထိပ်တန်းကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှု ထွက်ပေါ်လာနေပြီး ဇန်နဝါရီစျေးကွက်အတွင်းမှာတောင် အာဆင်နယ်က သူ့ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့ဖူးတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်လည်း အီတလီကွင်းလယ်လူကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ နယူးကာဆယ်အသင်းရဲ့ပွဲစဉ်ဆီ ကင်းထောက်တွေစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
နယူးကာဆယ်အသင်းဘက်ကလည်း တိုနာလီအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ ဝန်းကျင်အထိ တောင်းဆိုသွားဖွယ်ရှိသလို လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး မသေချာသေးလို့ ကစားသမားကို မဖြစ်မနေရောင်းချရမယ့် အခြေအနေနဲ့လည်း ရင်ဆိုင်ရနိုင်တယ်လို့ သိရပါတယ်။