အာမိုရင်တစ်ယောက် ယူနိုက်တက်မှာ နည်းစနစ်တွေ အပြည့်အဝအသုံးချခွင့်မရခဲ့ဘူးလို့ဖွင့်ဟလာတဲ့ ကန်ဒီဒို
မန်ချက်စတာယူနိုက်တက်မှာ ရှိနေစဉ်အတွင်း အာမိုရင်ရဲ့ နည်းစနစ်တွေကို အပြည့်အဝ အကောင်အထည်ဖော်ခွင့် မရခဲ့တာဟာ သူ့အတွက် အကြီးမားဆုံး စိတ်ပျက်စရာ ဖြစ်ခဲ့တယ်လို့ လက်ထောက်နည်းပြဟောင်း အဒီလီယို ကန်ဒီဒိုက ပြောပါတယ်။
ကန်ဒီဒိုဟာ အာမိုရင် ယူနိုက်တက်မှာ ၁၄ လကြာ တာဝန်ယူခဲ့တဲ့ ကာလတစ်လျှောက်လုံး နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
A Bola သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ကန်ဒီဒိုက "အတွေ့အကြုံဆိုတာ အကောင်းဖြစ်ဖြစ်၊ အဆိုးဖြစ်ဖြစ် အတွေ့အကြုံပါပဲ၊ ကျွန်တော်တို့ကတော့ အမြဲတမ်း သင်ခန်းစာတွေ ရခဲ့ပါတယ်။ မန်ချက်စတာမှာဆိုရင် မြို့ကိုလည်း သဘောကျသလို ပရိသတ်တွေ ဘောလုံးအပေါ် ထားရှိတဲ့ စိတ်ဓာတ်ကိုလည်း ကြိုက်ပါတယ်။ သူတို့က ချက်ချင်းရလဒ်ထက် အသင်းရဲ့ ရှေ့ဆက်မယ့် စီမံကိန်းအပေါ်မှာ ပိုပြီး အာရုံစိုက်ကြတယ်" လို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။
"ကျွန်တော် အကြိုက်ဆုံး မဟုတ်တဲ့အချက်ကတော့ ကျွန်တော်တို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို အပြည့်အဝ အသုံးချခွင့် မရခဲ့ဘူးလို့ ခံစားရတာပါပဲ" လို့ သူက ဆိုပါတယ်။
အိုးထရပ်ဖို့ဒ်က ဖိအားတွေနဲ့ ပတ်သက်ပြီး ကန်ဒီဒိုက "ကျွန်တော်တို့က လူငယ်တွေ ဖြစ်နေတာကြောင့် ဖိအားတွေကို ကောင်းကောင်း ရင်ဆိုင်နိုင်ခဲ့တာလို့ ထင်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း နေ့စဉ်နေ့တိုင်း အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်မျိုး ရှိခဲ့ပါတယ်။ ဖိအားတွေ ရှိလာရင် နည်းပြအဖွဲ့အတွင်းမှာ ပုံမှန်ထက် ပိုပြီး စိတ်တိုတာ၊ စိတ်ပျက်တာမျိုးတွေ ရှိတတ်ပေမဲ့ ကျွန်တော်တို့ဆီမှာတော့ အဲဒီလို မဖြစ်ခဲ့ပါဘူး" လို့ အခိုင်အမာ ပြောခဲ့ပါတယ်။
အလုပ်ထုတ်ခံရတာကြောင့် အာမိုရင်ရဲ့ ဂုဏ်သတင်းနဲ့ အလုပ်အကိုင်အပေါ် ထိခိုက်မှု ရှိနိုင်မလားလို့ မေးမြန်းတဲ့အခါမှာတော့ ကန်ဒီဒိုက သူနဲ့ စပို့တင်းနည်းပြဟောင်း အာမိုရင်အတွက် အခြေအနေတွေ ပြန်ကောင်းလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
"ဒီအတွေ့အကြုံက ကျွန်တော်တို့ရဲ့ အလုပ်အကိုင်အတွက် ကောင်းသလား၊ ဆိုးသလားဆိုတာကိုတော့ အနာဂတ်ကပဲ စကားပြောသွားပါလိမ့်မယ်။ အခုလောလောဆယ်မှာတော့ အနာဂတ်အကြောင်း သိပ်မစဉ်းစားသေးဘဲ မိသားစုနဲ့အတူ အချိန်ပေးနေပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဖုန်း မြည်လာပြီဆိုရင် အာမိုရင်က ကျွန်တော့်ကို စကားလှမ်းပြောလိမ့်မယ် (ခေါ်လိမ့်မယ်) ဆိုတာ သိနေပါတယ်" လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။