တန်းဆင်းဇုန်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့အသင်းဟောင်းကို ကူညီပေးဖို့ ဆန္ဒရှိနေတဲ့ ဂလင်းဟော်ဒယ်
တော့တင်ဟမ်အသင်းမှာ ကစားသမားအဖြစ်သာမက နည်းပြတာဝန်ပါ ထမ်းဆောင်ခဲ့ဖူးတဲ့ ဂလင်းဟော်ဒယ်က တန်းမဆင်းရရေးရုန်းကန်နေရတဲ့ အသင်းဟောင်းကို ကူညီပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။
နည်းပြသောမတ်စ်ဖရန့်ခ်ကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် ယာယီနည်းပြအဖြစ် အီဂေါတူဒေါတာဝန်ယူကိုင်တွယ်ခဲ့ပေမဲ့ သူတာဝန်ယူခဲ့တဲ့အဖွင့်ပွဲစဉ်သုံးခုလုံး ရှုံးနိမ့်ခဲ့ပါတယ်။
လက်ရှိမှာ တော့တင်ဟမ်က အမှတ်ပေးဇယားအဆင့်-၁၆ နေရာဆီ ရောက်ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၁ မှတ်သာ ကွာဟတော့လို့ ပရီးမီးယားလိဂ်မှ တန်းဆင်းသွားရမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
အက်ဖ်အေဖလားပြိုင်ပွဲရဲ့ပေါ့တ်ကတ်စ်(podcast)အစီအစဉ်တစ်ခုဖြစ်တဲ့ "Could It Be Magic" မှာ နည်းပြလောကဆီပြန်ဝင်လာဖို့ စိတ်ဝင်စားမှု ရှိ၊ မရှိ မေးမြန်းမှုကို ဟော်ဒယ်က အခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။
"တကယ်တော့ စိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် တော့တင်ဟမ်ဆိုတာ ကျွန်တော့်ရဲ့အသင်းဖြစ်နေလို့ပါ" လို့ သူက ဖြေကြားခဲ့ပါတယ်။
"ကျွန်တော် အသက်ရှစ်နှစ်သားလောက်ကတည်းက ဒီအသင်းကို အားပေးခဲ့တာပါ။ ဒါကြောင့် တော့တင်ဟမ်က ကျွန်တော့်ဘဝရဲ့အစိတ်အပိုင်းအတော်များများမှာ ပါဝင်ခဲ့ပါတယ်။"
"ပြောရမယ်ဆိုရင် ကျွန်တော် အရင်နည်းပြလုပ်ခဲ့တဲ့အချိန်က အချိန်အခါမကောင်းခဲ့ဘူးလို့ ဆိုရပါမယ်။ ဒီလိုပဲ ပြောကြပါစို့" လို့ သူက ဆက်ပြောပါတယ်။
"နိုင်ငံရေးအရ၊ ငွေရေးကြေးရေးအရပါ အဆင်မပြေခဲ့သလို ငွေကြေးသုံးစွဲဖို့လည်း မရှိခဲ့ဘူး။ အမှန်အတိုင်းပြောရရင် အဲ့ဒီတုန်းကအခြေအနေတွေက ကျွန်တော်သိထားခဲ့တဲ့အခြေအနေမျိုးမဟုတ်ခဲ့ပါဘူး" လို့ ၎င်းက ဆိုပါတယ်။