ပရီးမီးယားလိဂ်တန်းတက် ဘန်လေအသင်းရဲ့ ရာသီသစ် အလားအလာကို သုံးသပ်ကြည့်ခြင်း
ဘန်လေအသင်းဟာ နည်းပြကွန်ပနီလက်ထက် ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ အသင်းဖြစ်ပြီး မန်စီးတီးအသင်း ခေါင်းဆောင်ဟောင်း အနေနဲ့ အသင်းကို ဘယ်လောက်ထိ ဆွဲတင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ယမန်နှစ်ရာသီအစငါးပွဲမှာ တစ်ပွဲသာနိုင်ခဲ့ပေမယ့် ဘန်လေအသင်းဟာ ရာသီကုန်မှာ ရမှတ် ၁၀၁ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး ချန်ပီယံရှစ်သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ကွန်ပနီ တည်ဆောက်ထားတဲ့ ဘန်လေအသင်းက စတိုင်ကျသလို ကျစ်လစ်မာကျောမှုကိုလည်း ပိုင်ဆိုင်ထားပြီး ဘယ်လ်ဂျီယံသားခေါ်ယူထားခဲ့တဲ့ ဂျော့ရှ်ကူလန်၊ ဇာရူရီ၊ ဘန်ဆန်တို့လို ကစားသမားတွေက ထိပ်တန်းအဆင့်မှာ ကစားရဖို့ ထိုက်တန်ပါတယ်။
ဘန်ဆန်ဟာ ယမန်နှစ်ရာသီက လေးပွဲဆက် အဝေးကန်ချက်တွေနဲ့ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာရော ဘန်လေအတွက် အားကိုးရနိုင်မလား စောင့်ကြည့်ရမှာပါ။ ဂွါဒီယိုလာရဲ့ ဘောလုံးအတွေးအခေါ်အတိုင်း ကစားနေတဲ့ ကွန်ပနီရဲ့ ဘန်လေအသင်းဟာ ယမန်နှစ် ချန်ပီယံရှစ်က ခြေစွမ်းအတိုင်း ပရီးမီးယားလိဂ်မှာ လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာပါ။
လက်ရှိဘန်လေအသင်းဟာ ဘောလုံးကိုင်ပြီး တိုက်စစ်ဆင်ရာမှာ အလွန်ကောင်းမွန်သလိုပဲ တန်ပြန်တိုက်စစ်ကနေလည်း ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်စွမ်းရှိနေပါတယ်။ အလားတူ ယမန်နှစ်ရာသီက အိမ်ကွင်း၂၆ပွဲမှာ တစ်ပွဲသာရှုံးနိမ့်ခဲ့တာကြောင့် လာမယ့်ရာသီ ဘန်လေရဲ့အိမ်ကွင်းအားကိုလည်း စောင့်ကြည့်သွားရဖို့ ရှိနေပါတယ်။
ဘန်လေအသင်းကို နည်းပြဟောင်းရှောင်ဒိုက်ချ်က မာကျောတဲ့နံရံတစ်ခုကို တည်ဆောက်ခဲ့ပြီး ကွန်ပနီကတော့ လေးစားစရာ ကစားပုံမျိုးကို အကောင်အထည်ဖော်နေပါတယ်။ အစဉ်အလာအရ ရှေးရိုးစွဲ ၄-၂-၂ ကစားဟန်ကနေ မော်ဒန် ၃-၅-၂ ကစားကွက်ကို ပြောင်းလဲပေးခဲ့တဲ့ ကွန်ပနီ ဘယ်လောက်ထိ လုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
ဘန်လေအသင်းရဲ့ အဓိက ကစားသမားကတော့ အသက်၂၇နှစ်အရွယ် ကွင်းလယ်လူ ဂျော့ရှ်ကူလန်ပဲ ဖြစ်ပါတယ်။ ကူလန်ဟာ ဝက်စ်ဟမ်းအသင်းမှာ လူငယ်ကစားသမားဘ၀ကို ဖြတ်သန်းခဲ့ပြီးနောက် ဘန်လေကို ပြောင်းလာခဲ့ကာ ငါးနှစ်အကြာမှာတော့ အသင်းရဲ့အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အိုင်ယာလန်ကွင်းလယ်လူဟာ ဘန်လေကွင်းလယ်ရဲ့ အသည်းနှလုံးဖြစ်သလို တိုက်စစ်မှူးတွေအတွက် အသက်သွေးကြောလို့လည်း ပြောရမှာပါ။
နည်းပြရှောင်ဒိုက်ချ်လက်ထက်တုန်းက ဘန်လေဟာ ပရီးမီးယားလိဂ်မှာ ၆ရာသီကြာ ကစားခဲ့ပြီး ဥရောပဝင်ခွင့်လည်း ရခဲ့ပေမယ့် ယခု မော်ဒန်ကစားကွက်နဲ့ ဘန်လေက ပရီးမီးယားလိဂ်ကလပ်တွေကို အံ့အားသင့်အောင် လုပ်ပြနိုင်ဖွယ် ရှိနေပါတယ်။ ဘန်လေအသင်းမှာ စောင့်ကြည့်ရမယ့် ကစားသမားကတော့ အသက်၂၄နှစ်အရွယ် စကော့တွိုင်းပဲ ဖြစ်ပါတယ်။ သူဟာ မကြာသေးခင်ကမှ အပျော်တမ်းလိဂ်မှာ ကစားခဲ့ရပေမယ့် ယခု ပရီးမီးယားလိဂ်ထံ ရောက်ရှိလာကာ ခြေစွမ်းစမ်းသပ်ခံရတော့မှာပါ။
တွိုင်းဟာ ယမန်နှစ်ရာသီက ဝက်စ်ဘရွန်း၊ ကာဒစ်ဖ်တို့နဲ့ပွဲစဉ်တွေမှာ ဖရီးကစ်ကနေ ဂိုးသွင်းပြီး ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားခဲ့ပါတယ်။ ဘန်လေအတွက် ထူးခြားချက်တစ်ခုကတော့ ယမန်နှစ်ရာသီက နော်တင်ဟမ်ဖောရက်စ်လိုမဟုတ်ဘဲ ကွန်ပနီက သူ့အသင်းကို ချန်ပီယံရှစ်မှာကတည်းက တည်ဆောက်ထားပြီဖြစ်ပါတယ်။
အပြောင်းအရွှေ့လှုပ်ရှားမှုတွေကို ကြည့်မယ်ဆိုရင် ယမန်နှစ်ရာသီက ခြေစွမ်းပြခဲ့တဲ့ လူငယ်လေး အီယန်မတ်ဆန် ချဲလ်ဆီးကို ပြန်သွားပြီဖြစ်တာကြောင့် အစားထိုးမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။ ဘေဆယ်တိုက်စစ်ကစားသမား အမ်ဒူနီကို ပေါင်၁၆သန်းနဲ့ ခေါ်ယူထားသလို ဂိုးသမားနေရာအတွက် မန်စီးတီးလူငယ်ကြယ်ပွင့် ထရက်ဖို့ဒ်ကို ပေါင်၁၅သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။
လေဗာကူဆင် နောက်ခံလူ ဘေယာကိုလည်း ပေါင်၁၄သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။ အလားတူ ပရီးမီးယားလိဂ်တွေ့အကြုံရှိ တောင်ဆန်ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ထားခဲ့ပါတယ်။ ဒါကြောင့် ကွန်ပနီဦးဆောင်တဲ့ ဘန်လေအသင်းအနေနဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ဘုန်းမောက်၊ လူတန်တောင်း၊ ရှက်ဖီးလ်ယူနိုက်တက်၊ အဲဗာတန်တို့နဲ့ တန်းဆင်းဇုန်တိုက်ပွဲယှဉ်ပြိုင်ရာမှာ ဘယ်လောက်အထိ လုပ်ပြနိုင်မလဲဆိုတာကိုတော့ ပရီးမီးယားလိဂ်ပိတ်ကားထက်မှာ ဆက်လက်စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။