The network connection is lost.

Banner Image

ဖောရက်စ်နဲ့ပွဲစဉ်မတိုင်မီ အသင်းရဲ့အဝေးကွင်းစွမ်းဆောင်ရည်ကို တိုးတက်အောင်လုပ်နိုင်ဖို့လိုအပ်ကြောင်း အာမိုရင်ပြော

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က စနေနေ့နော်တင်ဟမ်ဖောရက်စ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ အသင်းရဲ့အဝေးကွင်းစွမ်းဆောင်ရည်ကို တိုးတက်အောင်လုပ်နိုင်ဖို့လိုအပ်ကြောင်း အသင်းသားတွေကို တိုက်တွန်းပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၂ ပွဲစလုံးမှာ ဆန်းဒါးလန်းနဲ့ဘရိုက်တန်တို့ကို ဂိုးပြတ်အနိုင်ယူခဲ့ပေမယ့် ဒီရာသီအဝေးကွင်းပွဲစဉ်တွေမှာတော့ လီဗာပူးတစ်သင်းတည်းကိုသာ ၁-၂ နဲ့အနိုင်ရထားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီအဝေးကွင်းပွဲစဉ်တွေမှာ မန်စီးတီးနဲ့ ဘရန့်ဖို့ဒ်တို့ကို ဂိုးပြတ်အရေးနိမ့်ထားတဲ့အပြင် ကာရာဘောင်ဖလားပြိုင်ပွဲမှာလည်း လိဂ်တူးကလပ် ဂရင်းဘီစ်ကိုအရှက်ရဖွယ်‌အရေးနိမ့်ပြီး ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ထားရတာဖြစ်ပါတယ်။

ယခုအခါ နည်းပြသစ် ရှောင်ဒိုက်ချ်ဦးဆောင်နေတဲ့ ဖောရက်စ်နဲ့ယှဉ်ပြိုင်သွားရမယ့် အဝေးကွင်းပွဲစဉ်မှာ စွမ်းဆောင်ရည်တိုးတက်ဖို့လိုအပ်ကြောင်း အာမိုရင်က သတိပေးလာခဲ့ပါတယ်။ ‌ပေါ်တူဂီသားနည်းပြက "ကျွန်တော်ဖောရက်စ်ရဲ့ပွဲစဉ်တွေကို သေချာလေ့လာထားပါတယ်။ ကျွန်တော်ယူနိုက်တက်နည်းပြဘဝအစမှာ ပထမဆုံးနိုင်ပွဲရယူခဲ့တဲ့အသင်းက နော်တင်ဟမ်ဖောရက်စ်ပါ။ အဲဒီတုန်းက ကျွန်တော်ကံကောင်းခဲ့တာပါ။ အဲ့လိုရလဒ်မျိုးထွက်မလာခဲ့သင့်ပါဘူး"

"ကျွန်တော်ဖောရက်စ်ရဲ့‌ပွဲစဉ်တွေကိုကြည့်ပြီး တစ်ပွဲနဲ့တစ်ပွဲကစားပုံမတူတာကို သတိထားခဲ့မိပါတယ်။ သူတို့ ပေါ်တို၊ ဘုန်းမောက်တို့နဲ့ကစားခဲ့တဲ့ပွဲစဉ်တွေက ကစားပုံတွေ မတူပါဘူး။ စပို့တင်းမှာတုန်းက ဖောရက်စ်နဲ့ခြေစမ်းခဲ့ဖူးပြီး သူတို့လက်ရှိပုံစံက အဲဒီတုန်းကနဲ့ဆင်တူပါတယ်။ သူတို့မှာ (မော်ဂန်) ဂစ်ဘ်ဝှိုက်၊ အဲလီးယော့ အန်ဒါဆင်၊ ကာလမ် ဟဒ်ဆန်အိုဒွိုင်း တို့လို ထူးခြားတဲ့စွမ်းရည်ရှိ ကစားသမားတွေပိုင်ဆိုင်ထားပြီး သူတို့အားလုံးက ပုံစံအမျိုးမျိုးနဲ့ကစားနိုင်တဲ့ အရမ်းကောင်းတဲ့ ကစားသမားတွေပါ" လို့ပြောကြားခဲ့ပါတယ်။ 

ယခုဖောရက်စ်နဲ့ပွဲစဉ်မှာလည်း ယူနိုက်တက်ဟာ ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား ဘရိုင်ယန်အမ်ဘွေမိုကိုပဲ ဆက်လက်ပွဲထုတ်လာမှာဖြစ်ပေမယ့် ကစားသမားဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကြောင့် အသင်းကနေခေတ္တထွက်ခွာရဦးမှာဖြစ်ပါတယ်။ 

နွေရာသီမှာ ခေါ်ယူခဲ့တဲ့ ကစားသမားဟာ ညာတောင်ဘက်ခြမ်းတွင် အာမက် ဒီယာလိုနဲ့ အလျင်အမြန်ပဲ အသားကျကာ ချိတ်ဆက်ကစားနိုင်ခဲ့ပြီး ထိုချိတ်ဆက်မှုဟာ ကွင်းပြင်ပအထိ သက်ရောက်မှုရှိနေတာဖြစ်ပါတယ်။ 

အမ်ဘွေမိုနဲ့အာမက်တို့ အာဖရိကမှလက်ရွေးစင်အသင်းတွေနဲ့ပူးပေါင်းရမယ့်အပေါ် အာမိုရင်က "အဲဒါနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရပေမယ့် ကျွန်တော်တို့မှာ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။