အဲဗာတန်နဲ့ပွဲစဉ်မှာ အရှုံးရလဒ်နဲ့ထိုက်တန်တယ်လို့ ဝန်ခံလိုက်တဲ့ ဘန်လေနည်းပြစကော့ပါကား
အင်္ဂါညပိုင်း၊ အဲဗာတန်နဲ့ပွဲစဉ်မှာ သူတို့အသင်း အရှုံးရလဒ်နဲ့ ထိုက်တန်ခဲ့တယ်လို့ ဘန်လေနည်းပြစကော့ပါကာက ဝန်ခံပြောကြားလိုက်ပါတယ်။
ဘန်လေအသင်းက ပွဲချိန်ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ တာကောစကီး၊ ဒျူဘူရီဟောလ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ အဲဗာတန်ကို ၂-၀ ဂိုးဆိုတဲ့ရလဒ်ဖြင့် မရှုမလှရှုံးနိမ့်ခဲ့ပါတယ်။
ပွဲစဉ်အပြီး ပါကားက “ဒီညပွဲမှာ ကျွန်တော်တို့က ဘက်ပေါင်းစုံလိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။ တစ်စိတ်တစ်ပိုင်းကတော့ အဲဗာတန်ရဲ့ကစားပုံကောင်းတာကြောင့်လည်း ပါသလို အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်တို့ဟာ ပွဲအစအဆုံးအထိ ပွဲစဉ်းအတွင်းမှာ လုံးဝမရှိနေခဲ့ပါဘူး။ သူတို့ထက် ခြေစွမ်းနိမ့်ပါးခဲ့သလို သူတို့ကို ဘာမှလည်းအနှောင့်အယှက်မပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အတွက်တော့ တကယ့်ကိုစိတ်ပျက်စရာညတစ်ခု ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
သူက ဆက်လက်ပြီး “ဒီနေ့ပွဲနဲ့ပတ်သက်ပြီး ဒီနေ့ညရော၊ လာမယ့်ရက်တွေမှာပါ အသေးစိတ်ပြန်လည်သုံးသပ်သွားပါမယ်။ ဒါ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဘာကြောင့် အခုလိုခြေစွမ်းမျိုးဖြစ်ခဲ့ရတာလဲဆိုတာကို အသေးစိတ်ပြန်ကြည့်ဖို့လိုပါတယ်။ လာမယ့်နာရီပိုင်းနဲ့ ရက်ပိုင်းအတွင်းမှာ အဖြေရှာစရာတွေ အများကြီးရှိနေပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။
အဝေးကွင်းအထိ လိုက်ပါအားပေးတဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီး ပါကားက “ပရိသတ်တွေ စိတ်ပျက်နေတာကို ကျွန်တော် နားလည်ပါတယ်။ ဒီညမှာ သူတို့ အားရပါးရအော်ဟစ်အားပေးနိုင်အောင် ဘာမှလုပ်မပေးနိုင်ခဲ့ပါဘူး။ ဒါ ညံ့ဖျင်းတဲ့ခြေစွမ်းတစ်ခုပါ၊ ဖြစ်နိုင်တာကတော့ လွန်ခဲ့တဲ့သီတင်းပတ်ပွဲစဉ်ကြောင့် ပွဲပန်းတဲ့ဒဏ်တွေ ခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့က ခြေစွမ်းတည်ငြိမ်မှု မရှိသေးပါဘူး။ ဒါ စိတ်ပျက်စရာကောင်းပြီး အခုရောက်နေတဲ့အခြေအနေမှ လွတ်မြောက်ချင်တယ်ဆိုရင်တော့ မဖြစ်မနေပြောင်းလဲသွားဖို့ လိုအပ်ပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။