အိုလီစီပွဲပယ်ခံရမှုအတွက် ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ထုတ်ပြောလာတဲ့ ကွန်ပနီ
ပွဲပယ်ပြစ်ဒဏ်ကြောင့် အိုလီစီမပါဝင်နိုင်တဲ့ ဝါဒါဘရီမင်နဲ့ပွဲစဉ်မှာ ရင်ဆိုင်ရမယ့်အခြေအနေနဲ့ပတ်သက်ပြီး ဗင်းဆင့်ကွန်ပနီက သူ့ရဲ့ အမြင်ကို ပြောကြားခဲ့ပါတယ်။ စနေနေ့မှာကစားမယ့် ဝါဒါဘရီမင်နဲ့ပွဲစဉ်မှာ အိုလီစီပွဲပယ်ပြစ်ဒဏ်ထိထားလို့ ဘိုင်ယန်မြူးနစ်က အသင်းရဲ့အဓိကကစားသမားတစ်ဦးကို ဆုံးရှုံးထားပါတယ်။
သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဘိုင်ယန်မြူးနစ်ကွန်ပနီက ပြင်သစ်ကစားသမားအိုလီစီမပါဝင်နိုင်မှုအကြောင်းမေးမြန်းမှုကိုဖြေကြားချိန် အသင်းရဲ့ကစာသမားအင်အားတောင့်တင်းမှုအပေါ် ယုံကြည်မှုအပြည့်ရှိတယ်လို့ ပြောခဲ့ပါတယ်။ "အိုလီစီက အခုအချိန်ထိ တကယ်ကို ခြေစွမ်းပြနေတာပါ။ အဓိကအချက်က သူ ဒဏ်ရာမရထားတာပါပဲ" လို့ ကွန်ပနီက ဆိုပါတယ်။ "ဒီတစ်ပွဲတည်းအတွက်တော့ သူ့နေရာမှာ အစားထိုးဖို့ ကျွန်တော်တို့မှာ ရွေးချယ်စရာတွေ ရှိပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာ တခြားကစားသမားတစ်ဦး ပါဝင်ကစားဖို့ မျှော်လင့်နိုင်ပါလိမ့်မယ်"လို့လည်း ပြောကြားခဲ့ပါတယ်။
အိုလီစီရဲ့နေရာမှာ ဘယ်သူ့ကို အစားထိုးမလဲဆိုတာကို ကွန်ပနီကိုယ်တိုင် ထုတ်မပြောခဲ့ပေမဲ့ လိုက်ပ်ဇစ်ကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိတဲ့ ဗုဒ္ဓဟူးနေ့ပိုကယ်လ်ဖလားပွဲစဉ်မှာ ပါဝင်ကစားခြင်းမရှိတဲ့ လူငယ်ကစားသမားလင်းနတ်ကာလ်က ညာတောင်ပံနေရာအတွက် ပွဲထွက်ခွင့်ပေးလာဖွယ် ရှိပါတယ်။
ကွန်ပနီကိုယ်တိုင်လည်း ဝါဒါဘရီမင်အသင်းရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို သိရှိထားလို့ အခုပွဲစဉ်အတွက် အထူးဂရုစိုက်ပြင်ဆင်နေပါတယ်။ "ဘွန်ဒက်လီဂါမှာ လွယ်ကူတဲ့ပွဲစဉ်ဆိုတာ မရှိဘူးလို့ ကျွန်တော်တို့ အမြဲပြောလေ့ရှိပါတယ်။ သူတို့ဆီမှာ နည်းပြသစ်ရှိနေတာကြောင့် ပွဲအခြေအနေကို အပြောင်းအလဲတွေ ဖြစ်စေနိုင်ပါတယ်။ သူတို့ရဲ့ကစားပုံကိုကြည့်ရင်လည်း မဆိုးလှပါဘူး" လို့ ကွန်ပနီက ပြောပါတယ်။
"သူတို့က ဂိုးရဖို့အတွက်ပဲ အနည်းငယ်ရုန်းကန်နေရတာပါ။ ခြုံငုံကြည့်မယ်ဆိုရင် သူတို့က ထင်သလောက် ညံ့တဲ့အသင်းတစ်ခု မဟုတ်ပါဘူး။ သူတို့သာ ယုံကြည်မှုရှိနေရင် ဘယ်နေရာမှာမဆို ရင်ဆိုင်ရခက်တဲ့ အသင်းကောင်းတစ်ခု ဖြစ်နေပါလိမ့်မယ်။ ပြိုင်ဘက်အသင်းမှာ နည်းပြသစ်ရှိနေချိန် နည်းဗျူဟာပိုင်းအရ ပြောင်းလွယ်ပြင်လွယ်ရှိဖို့လိုသလို သူတို့ရဲ့ အားသာချက်တွေကိုလည်း အာရုံစိုက်ဖို့ လိုပါတယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။