
ဆယ်ကျော်သက်ဘဝမှာ အမ်ဘာပေနဲ့တူညီပြီး အခုတော့ စီရော်နယ်ဒိုရဲ့ခြေရာနင်းနိုင်တော့မယ့် အမ်ဘွေမိုရဲ့ကစားသမားဘဝခရီးလမ်း
စီရော်နယ်ဒိုတောင် မလုပ်ပြနိုင်ခဲ့တဲ့ အရာတစ်ခုကို စွမ်းဆောင်ပြနိုင်မယ့်သူအဖြစ် အမ်ဘွေမိုကို ထောက်ခံပေးနေကြပါပြီ။ ကင်မရွန်းတောင်ပံကစားသမားက ပြီးခဲ့တဲ့လမှာ အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့ကြေးပေါင် ၇၁ သန်းဖြင့် ရောက်ရှိလာခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ၊ Avallon မြို့ငယ်လေးမှာ မွေးဖွားခဲ့တဲ့ အမ်ဘွေမိုက သူ့ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကို ပိုကောင်းအောင်လုပ်ပေးနိုင်ဖို့အတွက် ကမ္ဘာ့ဘောလုံးစင်မြင့်ထက်မှာ သရဲနီတွေကို ကိုယ်စားပြုလာခဲ့ပါတယ်။
စေ့စပ်သေချာသလို မဆုတ်မနစ်ဇွဲလုံ့လရှိတဲ့ ပရော်ဖက်ရှင်နယ်ပီသသူ အမ်ဘွေမိုက ထရိုယက်စ်မှစတင်ကာ ပရီးမီးယားလိဂ်ရပ်ဝန်းအထိ ပြသခဲ့တဲ့ သူ့ရဲ့အစွမ်းအစတွေကို အခုအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်ဆီ သယ်ဆောင်လာခဲ့ပါပြီ။ အိုးထရက်ဖို့ဒ်ဆီ ဒုတိယအကြိမ်ပြန်ရောက်လာချိန် စီရော်နယ်ဒိုက ဖာဂူဆန်လက်အောက်မှာရရှိခဲ့တဲ့ အငွေ့အသက်တွေ အသင်းမှာ မရှိတော့ဘူးဆိုပြီး အံ့အားသင့်နေခဲ့ပါတယ်။
ပေါ်တူဂီစတားက အလုပ်အပေါ်ထားရှိတဲ့ သူ့ရဲ့ကျင့်ဝတ်တွေနဲ့အညီ အပျော်အပါးတွေကို ရှောင်ရှားကာ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ ဝေဖန်သံတွေအောက် သရဲနီတွေနဲ့ လမ်းခွဲသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ မန်ချက်စတာယူနိုက်တက်က ပိုပြီးတော့တောင် ကျဆင်းသွားခဲ့ပါတယ်။ သရဲနီတွေက နောက်ဆုံးအကြိမ်တန်းဆင်းရပြီးနောက်ပိုင်း လိဂ်ရမှတ်အနည်းဆုံးဘောလုံးရာသီတစ်ခုနဲ့အတူ ပြီးခဲ့တဲ့နှစ်၊ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အမှတ်ပေးဇယားအဆင့်-၁၅ နေရာမှာ ရာသီသိမ်းကာ အဆိုးဝါးဆုံးအခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ အမ်ဘွေမိုရဲ့ငယ်ဘဝအရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ၊ ထရိုယက်စ်အသင်းဖော်ဟောင်း ဖရန့်ခ်မိုမိုကတော့ ယူနိုက်တက်ရဲ့အကောင်းဆုံးနေ့ရက်တွေဆီ ပြန်သွားနိုင်ဖို့ အမ်ဘွေမိုကူညီပေးလိမ့်မယ်လို့ အာမခံခဲ့ပါတယ်။ SunSport နဲ့ သီးသန့်အင်တာဗျူးအစီအစဉ်တစ်ခုမှာ မိုမိုက “ ကျွန်တော်ပြောတာကို ယုံကြည်ပေးပါ။ အမ်ဘွေမိုက အသင်းအဝတ်လဲခန်းအတွက် ကြီးမားတဲ့အကျိုးသက်ရောက်မှုတစ်ခု ယူဆောင်လာပါလိမ့်မယ်။
သူက ရှုံးနိမ့်မှုတွေကို ရူးလောက်အောင် မုန်းတီးပါတယ်။ အစောပိုင်းမှာ သူ ပျောက်နေတတ်ပေမယ့် တစ်ရာသီလောက် ကုန်ဆုံးသွားပြီးရင်တော့ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုတွေက တောက်ပလာပါလိမ့်မယ်။ အသင်းဖော်တွေအကုန်လုံးလည်း သူ့ရဲ့ဦးဆောင်မှုနောက်ဆီ လိုက်ပါလာပါလိမ့်မယ်”လို့ ရှင်းပြပါတယ်။
အမ်ဘွေမိုက အသက်-၁၄ နှစ်အရွယ်မှာ ထရိုယက်စ်အသင်းဆီ ရောက်ရှိလာပေမယ့် အရည်အသွေးအရှိဆုံး၊ လူပြောအများဆုံးကစားသမားတစ်ဦး မဖြစ်လာခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ အရည်အချင်းတစ်ခုတည်းနဲ့ ထိပ်တန်းဘောလုံးလောကဆီ မတိုးဝင်နိုင်ဘဲ စိတ်ရှည်သည်းခံဇွဲရှိဖို့ မဖြစ်မနေလိုအပ်လိမ့်မယ်လို့ အမ်ဘွေမို နားလည်လာခဲ့ပါတယ်။
မိုမိုက “ ၁၉၉၉ ခုနှစ်ဖွားကောင်လေးတွေနဲ့အတူ ထရိုယက်စ်ဆီ အမ်ဘွေမို ရောက်ရှိလာခဲ့ပါတယ်။ ကျွန်တော်က သူ့ထက် နှစ်နှစ်လောက် ကြီးပါတယ်။ ဒါပေမဲ့ သူက စာရွက်ပေါ်မှာတော့ အကောင်းဆုံးကစားသမားမဖြစ်ခဲ့ဘူးဆိုတာ သေချာပါတယ်။
အရန်အသင်းမှာ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းလေ့ကျင့်ဖို့အတွက် အမ်ဘွေမို ပထမဆုံးအကြိမ်ရောက်ရှိလာတဲ့ အခိုက်အတန့်ကို မှတ်မိနေပါသေးတယ်။ ကျွန်တော်က နည်းပြဆီ အခြားသူတွေကိုမရွေးဘဲ အမ်ဘွေမိုကို ရွေးရတာလဲလို့ မေးမြန်းခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ အလွန်ရိုးရှင်းတဲ့အဖြေတစ်ခု ရရှိခဲ့ပါတယ်။ နည်းပြက ကျွန်တော့်ဆီ အမ်ဘွေမိုရဲ့ကစားပုံဟာ ထိရောက်မှုအရှိဆုံးဖြစ်တယ်၊ သူ့ရဲ့အားသာချက်တွေကို သူကိုယ်တိုင်သိသလို နေ့စဉ်နေ့တိုင်း လေ့ကျင့်ပြင်ဆင်နေတယ်လို့ ပြန်ရှင်းပြခဲ့ပါတယ်”လို့ ဆိုပါတယ်။
ဥရောပရပ်ဝန်းအထိ အမ်ဘွေမိုရဲ့အမည်ဟိန်းထွက်လာချိန်ကတော့ လူငယ်အဆင့်ပြင်သစ်FAဖလားဖိုင်နယ်မှာ နှစ်ဂိုးတိတိသွင်းယူလိုက်တဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ ဒါက ထရိုယက်စ်အတွက် ၆၂ နှစ်တာကာလအတွင်း ပထဆုံးဆုဖလားအောင်မြင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလိုဖိုင်နယ်ပွဲစဉ်မျိုးမှာ နောက်ဆုံးအကြိမ်နှစ်ဂိုးသွင်းယူနိုင်တဲ့ကစားသမားကတော့ အမ်ဘာပေပဲ ဖြစ်ပါတယ်။ အမ်ဘွေမိုရဲ့ပထမဂိုးမှာဆိုရင် ဗန်ပါစီရဲ့အရိပ်အငွေ့တွေပါဝင်ပြီး မိုးကြိုးပစ်သလို Volley ကန်ချက်မျိုး ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ဒုတိယဂိုးက ၂-၁ ဂိုးဆိုတဲ့ အနိုင်ရလဒ်ကို ဖြစ်ပေါ်စေပြီး ကစားသမားဘဝအတွက် ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ကိုလည်း မွေးဖွားပေးခဲ့ပါတယ်။
မိုမိုက “ အမ်ဘွေမိုအတွက် အရာရာတိုင်းဖြစ်ပေါ်လာစေမယ့် အခိုက်အတန့်တစ်ခုပါပဲ။
အကယ်ဒမီကစားသမားဘဝမှာ ပြင်းပြင်းထန်ထန်ကြိုးစားရင်း အချို့အချိန်တွေမှာ ကိုယ့်ရဲ့စီနီယာတွေနဲ့ ယှဉ်ပြိုင်ကစားရပေမယ့် နောက်ပိုင်းမှာတော့ အရေးကြီးပွဲစဉ်တစ်ခုအတွင်း အမှတ်ရစရာကိစ္စအချို့ ဖြစ်ပေါ်လာစေဖို့ပါပဲ။ အခုဖြစ်ရပ်ကလည်း သူ့အတွက် ကွက်တိဖြစ်လာခဲ့ပါတယ်။
ဒီအိပ်မက်နဲ့ သူရရှိခဲ့တဲ့ပရော်ဖက်ရှင်နယ်စာချုပ်ကလည်း အံ့သြစရာကောင်းခဲ့ပါတယ်။ ဒါက အမ်ဘွေမိုအတွက်ပဲ ဖြစ်လာခဲ့ပါတယ်”လို့ ပြောပါတယ်။ နောက်ပိုင်းမှာ အမ်ဘွေမိုက လီဂူးဝမ်းပွဲဦးထွက်ပွဲစဉ်အပြင် ပွဲစဉ်အချို့မှာ ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမဲ့ ထရိုယက်စ်ကတော့ အဲ့ဒီဘောလုံးရာသီမှာပဲ တန်းဆင်းသွားခဲ့ပါတယ်။ ဒီနေရာမှာ အမ်ဘွေမိုအတွက် အခွင့်အလမ်းတစ်ခုလည်း ရှိလာပြန်ပါတယ်။
တန်းဆင်းရပြီးနောက် ဘဏ္ဍာရေးကိန်းဂဏန်းထိန်းညှိနိုင်ရန် လစာငွေမြင့်မားတဲ့ကစားသမားအချို့ကို လက်လွှတ်လိုက်ရမှုနဲ့အတူ အမ်ဘွေမိုက ထရိုယက်စ်မှာ ပုံမှန်ပွဲထွက်ခွင့် ရရှိလာပါတယ်။ သူက လီဂူးတူးပြိုင်ပွဲမှာ ပွဲ ၄၀ ကစား၊ ၁၁ ဂိုးအထိ သွင်းယူပြီး ပီအက်စ်ဂျီ၊ မိုနာကို၊ လန်းစ်တို့လို ပြင်သစ်အင်အားကြီးကလပ်အသင်းတွေကို စွဲဆောင်နိုင်ခဲ့ပါတယ်။
ဒီအသင်းတွေအကုန်လုံးကလည်း အမ်ဘွေမိုရဲ့အနာဂတ်အပေါ် စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ မွေးရပ်မြေကိုစွန့်ခွာကာ ချန်ပီယံရှစ်ကလပ် ဘရန့်ဖို့ဒ်ဆီပြောင်းရွှေ့ဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။ မိုမိုက “ အခုအချိန် ပြန်ပြောင်းစဉ်းစားကြည့်လိုက်ရင် သူဘာလုပ်နေလဲဆိုတာကို သူကိုယ်တိုင်သိထားခဲ့သလိုပါပဲ။ အခုတော့ မန်ချက်စတာယူနိုက်တက်ဆီ ရောက်ရှိသွားပါပြီ။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းကတော့ လီဂူးတူးကနေ ချန်ပီယံရှစ်ဆီ ပြောင်းရွှေ့ဖို့ဆိုတာ လူအများစုအတွက် အဓိပ္ပါယ်မရှိလှပါဘူး။ ဒါကို စဉ်းစားကြည့်လိုက်မယ်ဆိုရင် သူ့မှာ ထွက်ခွာခွင့်ရှိခဲ့သလို ပြင်သစ်မှာပဲ ဆက်ရှိနေခွင့်လည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ရည်မှန်းချက်အတွက် အမ်ဘွေမိုကိုယ်တိုင် ရဲရဲရင့်ရင့်ဆုံးဖြတ်လိုက်ပုံမျိုးပါပဲ”လို့ ပြောပါတယ်။
ဘရန့်ဖို့ဒ်မှာလည်း မှန်မှန်တိုးတက်လာနေတဲ့ အမ်ဘွေမိုကို ဆက်လက်မြင်တွေ့ခဲ့ရကာ အဖွင့်ဘောလုံးရာသီမှာ ၄၇ ပွဲကစား၊ ၁၆ ဂိုးသွင်းယူပြီး အသင်းကို ပရီးမီးယားလိဂ်တန်းတက် Play-Off ဖိုင်နယ်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီပွဲစဉ်မှာ ဘရန့်ဖို့ဒ်က ဖူလ်ဟမ်ကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ အိုင်ဗန်တိုနေးရောက်ရှိလာမှုနဲ့အတူ နောက်ဘောလုံးရာသီမှာတော့ ကျရာအခန်းကဏ္ဍမှာ အမ်ဘွေမို အသားကျလာတာနဲ့အမျှ ဘရန့်ဖို့ဒ်ကို ပရီးမီးယားလိဂ်ဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်ဝင်ဘာလေကွင်းဖိုင်နယ်ပွဲစဉ်မှာတော့ ဘရန့်ဖို့ဒ်က ဆွမ်ဆီးကို အနိုင်ရရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကစားသမားဘ၀ အဖွင့်ရာသီမှာလည်း အသက်-၂၂ နှစ်အရွယ် အမ်ဘွေမိုက ၃၈ ပွဲကစား၊ ရှစ်ဂိုးသွင်းယူခဲ့ပြီး ဂိုးတိုင်ထိမှုခုနစ်ကြိမ်သာ ဂိုးအဖြစ်ပြောင်းလဲသွားမယ်ဆိုရင် သူ့ရဲ့သွင်းဂိုးတွေ အခုထက်တောင် ပိုများသွားနိုင်ပါတယ်။ ဒါတောင် သူက Port Vale နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုကောင်းမွန်တဲ့ဖြစ်ရပ်တွေရဲ့နောက်ကွယ်က ကိုယ်ရေးကိုယ်တာအနစ်နာခံမှုအကြောင်းကို လူအနည်းစုလောက်သာ သိရှိကြပါတယ်။
မိုမိုက “ အင်္ဂလန်ဆီ အမ်ဘွေမိုက တစ်ကိုယ်တည်းထွက်ခွာသွားတာပါ။ နောက်ပိုင်းမှာ သူ့အမေလိုက်လာတယ်ဆိုပေမယ့် ပထမဆုံးနှစ်ကတော့ ကိုဗစ်ကန့်သတ်ချက်တွေ၊ သီးသန့်ခွဲနေထိုင်ရတာတွေနဲ့ ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ သူ့အတွက် ဗီဒီယိုဂိမ်းတွေပဲ ရှိနေခဲ့ပါတယ်။ အရိုးသားဆုံးပြောရရင် အမ်ဘွေမိုက ဗီဒီယိုဂိမ်းတွေကို ကြိုက်နှစ်သက်ပါတယ်။ ဘောလုံးသမားမဖြစ်လာဘူးဆိုရင် Gamer တစ်ယောက်ဖြစ်လာမယ့်လူပါ။ တခါတလေ ဂိမ်းတွေကို နာရီများစွာကြာအောင် ကစားတတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒါပေမဲ့ ဒါက အမ်ဘွေမိုပါပဲ”လို့ ပြောပါတယ်။
အမ်ဘွေမိုရဲ့တိုးတက်လာမှုတွေကို ဖခင်ဖြစ်သူမွေးရပ်မြေ ကင်မရွန်းကလည်း အဆက်မပြတ်စောင့်ကြည့်နေခဲ့ပါတယ်။ နောက်ပိုင်းမှာ ကင်မရွန်းဘောလုံးအာဏာပိုင်တွေက အာဖရိကဖလားပြိုင်ပွဲမှာ သူတို့အတွက် အမ်ဘွေမိုကိုယ်စားပြုပေးဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒီနေရာမှာတော့ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ရဲ့ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဆင်မြူရယ်အီတိုးရဲ့အခန်းကဏ္ဍက အထူးအရေးပါခဲ့ပါတယ်။
ကင်မရွန်းလက်ရွေးစင်အသင်းနည်းပြကိုလိုက သူတို့အသင်းအတွက် အမ်ဘွေမိုကိုရရှိရေး ကြိုးပမ်းခဲ့ရတဲ့ ခရီးလမ်းအကြောင်း ပြန်ပြောင်းဖွင့်ဟခဲ့ပါတယ်။ ကိုလိုက “ ၂၀၂၂ ခုနှစ် အာဖရိကဖလားပြိုင်ပွဲအတွက် အမ်ဘွေမိုကိုရရှိဖို့ ကျွန်တော်တို့တွေ ကြိုးစားခဲ့ပါတယ်။ အရိုးသားဆုံးပြောရရင် ပြင်သစ်လက်ရွေးစင်အသင်းကိုပဲ သူဦးစားပေးလိမ့်မယ်လို့ တွေးမိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ဆက်ပြီးကြိုးစားခဲ့ပါတယ်။ ကင်မရွန်းဆီ နှစ်စဉ်နှစ်တိုင်းပြန်လာရမယ်ဆိုတဲ့အချက်နဲ့စည်းရုံးဖို့ ကြိုးစားခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ ဆက်ပြီးတော့ ကြိုးစားနေခဲ့ပါတယ်။
တကြိမ်မှာတော့ အီတူးက သူနဲ့ စကားသွားပြောခဲ့ပြီး အဲ့ဒီအချိန်မှာပဲ သူ့ကို ကျွန်တော်တို့အသင်း ပိုင်ဆိုင်ပြီဆိုတာ သိလိုက်ရပါတယ်။ အသင်းဆီသူရောက်ရှိလာတာနဲ့ မင်းဟာ အရမ်းကောင်းတဲ့ကစားသမားဖြစ်ခဲ့တယ်ဆိုတာပြောပြဖို့ လိုအပ်ခဲ့ပါတယ်။ အသင်းဆီ သူယူဆောင်ပေးလာတဲ့ စွမ်းအင်ကလည်း အဖိုးမဖြတ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ဥရောပအခြေစိုက်ကစားသမားအများစုနဲ့မတူညီဘဲ သူက အသင်းဆီရောက်ရှိလာချိန်မှာပဲ စံချိန်စံညွှန်းတွေ သတ်မှတ်ပြီး အသင်းရဲ့ယဉ်ကျေးမှုကို လက်ခံပေးခဲ့ပါတယ်။ သူက လေ့ကျင့်ရေးကိုလည်း ပွဲစဉ်တစ်ခုလိုပဲ ပြင်ဆင်ပါတယ်။ ဒါကြောင့် ဒီလိုကစားသမားမျိုးတွေက ဘယ်လောက်အထိ စွမ်းဆောင်ရည်ရှိသလဲဆိုတာ လွယ်လွယ်ကူကူသိမြင်နိုင်ပါတယ်။ သူတို့တွေက အလုပ်နဲ့ပတ်သက်လို့ အလွန်ကြိုးစားလေ့ရှိပါတယ်”လို့ ပြောပါတယ်။
ဘရန့်ဖို့ဒ်အသင်းဖော်ဖြစ်သူ ဝစ်ဆာကလည်း အမ်ဘွေမိုကို ထိပ်တန်းကစားသမားတစ်ဦးအဖြစ် ပြီးခဲ့တဲ့ဘောလုံးရာသီ၊ SunSport နဲ့သီးသန့်အင်တာဗျူးတစ်ခုမှာ သတ်မှတ်သွားခဲ့ပါတယ်။ ဒါ့အပြင် ဝစ်ဆာက အမ်ဘွေမိုရှိလာလို့ ယူနိုက်တက်ကစားသမားတွေ ဘယ်လိုပုံစံမျိုး ပျော်ရွှင်နိုင်ကြမလဲဆိုတာကိုလည်း အရိပ်အမြွက်ရှင်းပြသွားခဲ့ပါတယ်။
ဝစ်ဆာက “ အမ်ဘွေမိုဆိုတာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်သလို ကျွန်တော့်ရဲ့အလုပ်တွေကိုလည်း လွယ်ကူအောင် ကူညီပေးပါတယ်။ ကျွန်တော်တို့တွေ နှစ်ပေါင်းများစွာကြာအောင် တွဲဖက်ကစားဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဘယ်နေရာမှာရှိရမလဲဆိုတာကို သိသလို ကျွန်တော့်ကို သူရှာတွေ့လိမ့်မယ်ဆိုတာလည်း သိရှိထားပါတယ်”လို့ ဆိုပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ထွက်ခွာသွားတဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း မန်ချက်စတာယူနိုက်တက်က ပရီမီးယားလိဂ်ချန်ပီယံဆုနဲ့ ဝေးကွာသွားခဲ့သလို လှောင်ရယ်ချင်စရာအပြောင်းအရွှေ့လှုပ်ရှားမှုတွေအပါအဝင် ကွင်းတွင်းကွင်းပြင်ကမောက်ကမဖြစ်ရပ်တွေပါ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့အတွက် မှန်ကန်တဲ့လုပ်ရပ်တစ်ခုကတော့ ဆာလောင်စိတ်၊ နှိမ့်ချမှု၊ ပြင်းပြင်းထန်ထန်ကြိုစားလိုစိတ်တွေ ပိုင်ဆိုင်ထားတဲ့ အမ်ဘွေမိုလိုကစားသမားကို ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ဒါက ကောင်းမွန်တဲ့စတင်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။