လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်းကြေညာလိုက်တဲ့ ဝေါ်လ်ကာ
အင်္ဂလန်နောက်ခံလူ ကိုင်လ်ဝေါ်လ်ကာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ဖို့ လပိုင်းအလိုမှာပဲ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူတော့မယ်လို့ ကြေညာလိုက်ပါတယ်။
မန်စီးတီးနောက်ခံလူဟောင်း ကိုင်လ်ဝေါ်လ်ကာဟာ အင်္ဂလန်အသင်းအတွက် ၉၆ ပွဲအထိ ကစားပေးခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ်က အသက် ၂၁ နှစ်အရွယ်မှာ စပိန်အသင်းနဲ့ပွဲစဉ်မှာ စတင်ပွဲထွက်ခွင့် ရရှိခဲ့တာပါ။
အခုလို အနားယူလိုက်တာကြောင့် ဥရောပဖလားဗိုလ်လုပွဲတွေကို နှစ်ကြိမ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့တဲ့ သူ့ရဲ့ ၁၅ နှစ်ကြာ အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝဟာ အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ သူဟာ အင်္ဂါနေ့မှာ နိုင်ငံတကာကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ကြောင်း အားလုံးက မထင်မှတ်ထားတဲ့အချိန်မှာ အံ့အားသင့်ဖွယ် ထုတ်ဖော်ပြောကြားခဲ့တာပါ။
"ဒီလိုမျိုး ဆုံးဖြတ်ချက်ချလိုက်ရတာ စိတ်မကောင်းဖြစ်ရပေမဲ့ အင်္ဂလန်အသင်းနဲ့အတူ ကျွန်တော် ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ နိုင်ငံကိုယ်စားပြုပြီး အဓိကပြိုင်ပွဲကြီး ၅ ခုမှာ ပါဝင်ကစားခွင့်ရခဲ့တာ၊ ဗိုလ်လုပွဲတွေအထိ တက်လှမ်းနိုင်ခဲ့တာနဲ့ ဒီအင်္ဂလန်အသင်းမှာ ကျွန်တော်နဲ့အတူ တွဲဖက်လုပ်ကိုင်ခဲ့တဲ့ ကစားသမားတွေ၊ နည်းပြတွေနဲ့ လက်တွဲခွင့်ရခဲ့တာဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာ အခွင့်အရေးပါပဲ။ ဒါပေမဲ့ ဒီနေ့မှာတော့ အားလုံးက အဆုံးသတ်သွားပါပြီ။ နိုင်ငံတကာ ကစားသမားဘဝကို အခုလိုပဲ အဆုံးသတ်လိုက်နိုင်တာက ကျွန်တော့်အတွက် ကောင်းမွန်တဲ့ အဆုံးသတ်တစ်ခုပါပဲ" လို့ ကိုင်လ်ဝေါ်လ်ကာက ပြောကြားခဲ့ပါတယ်။