The network connection is lost.

Banner Image

ကမ္ဘာ့ဖလားကစားခွင့်ရဖို့ မျှော်လင့်မိတယ်လို့ ဖွင့်ဟလာတဲ့ အဲဗာတန်ရဲ့အနိုင်ဂိုးရှင် ဒျူဘူရီဟောလ်

မနေ့ညပိုင်း၊ ဘန်လေကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အဲဗာတန်အတွက် ဂိုးသွင်းယူပေးနိုင်မှုအပေါ် ဒျူဘူရီဟောလ် ဝမ်းသာပီတိဖြစ်နေပါတယ်။ Hill Dickinson ကွင်းပွဲစဉ်မှာ အိမ်ရှင်တွေက ဒျူဘူရီဟောလ်ရဲ့သွင်းဂိုးအပါအဝင် ပြိုင်ဘက်ဘန်လေကို ၂-၀ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ပွဲစဉ်အပြီး ဒျူဘူရီဟောလ်က "အခု ကျွန်တော်အသားကျလာပြီလို့ ခံစားရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိလာသလို ကြံ့ခိုင်မှုပိုင်းရော၊ ဘောလုံးကစားတဲ့အပိုင်းမှာပါ အရင်ထက် ပိုကောင်းလာတယ်လို့ ခံစားနေရပါတယ်" လို့ ပြောပါတယ်။

"ဒီညမှာ ကျွန်တော်တို့ တကယ်ကိုကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အိမ်ကွင်းမှာ ကစားတဲ့အခါ ကျွန်တော်တို့ ဖြစ်ချင်တဲ့အတိုင်း ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်း အများကြီးမပေးခဲ့ရပါဘူး။ ရှုံးပွဲနှစ်ပွဲတွေ့ပြီးနောက်မှာ အခုလို နှစ်ပွဲဆက်တိုက်အနိုင်ရရှိမှုက ပြီးခဲ့တဲ့လေးငါးရက်တာကာလအတွက် တကယ့်ကိုကောင်းမွန်တဲ့တုံ့ပြန်မှုပါပဲ။ ဒါဟာ အသင်းဖော်တွေရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသနေသလို ကျန်ပွဲစဉ်တွေအတွက်လည်း အနေအထားကောင်းတစ်ခုဆီ ရောက်ရှိသွားစေပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ၎င်းက "ကွင်းကို ကြည့်လိုက်ရင် ဥရောပအဆင့်ပွဲစဉ်တွေကျင်းပဖို့ တည်ဆောက်ထားတယ်ဆိုတာ သိသာပါတယ်။ အဲဗာတန်က ကလပ်အသင်းကြီးတစ်ခုဖြစ်သလို အသင်းကို ဥရောပပြိုင်ပွဲဝင်ခွင့်ရအောင် ကူညီပေးချင်တာက ကျွန်တော် ဒီကိုလာချင်ရတဲ့အကြောင်းရင်းတွေအနက် တစ်ခုလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းအသစ်နဲ့ဆိုရင် ဖြစ်နိုင်တယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ အခုဆိုရင် အခြေအနေကောင်းတစ်ခုမှာ ရှိနေလို့ လက်ကျန်ပွဲစဉ်တွေမှာလည်း အကောင်းဆုံးကြိုးစားသွားရပါမယ်" လို့ ဆိုပါတယ်။

"အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ဆိုတာ ကျွန်တော့်ရဲ့အိမ်မက်ပါ။ ပြိုင်ဆိုင်မှုတွေ ပြင်းထန်မယ်ဆိုတာသိပေမဲ့ အခုလက်ရှိမှာတော့ ကျွန်တော်က တကယ့်ကိုကောင်းမွန်တဲ့ရာသီတစ်ခုကို ဖြတ်သန်းနေရပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝမှာ အကောင်းဆုံးရာသီလို့တောင် ပြောလို့ရပါတယ်။ ကျွန်တော့်ရဲ့အဓိကပန်းတိုင်ကတော့ ဒီအသင်းနဲ့အတူ ဥရောပဝင်ခွင့်ရဖို့ပါပဲ။ အဲဒီလိုသာ လုပ်နိုင်ခဲ့ရင် နိုင်ငံတကာအဆင့်မှာကစားဖို့ အခွင့်အလမ်းပိုများလာပါမယ်" လို့ ဒျူဘူရီဟောလ်က သူ့ရဲ့ဆန္ဒကို ဖွင့်ဟခဲ့ပါတယ်။