ဟော်ဖန်ဟိမ်းနဲ့ပွဲစဉ်အတွက် ဘိုင်ယန်မြူးနစ်ကစားသမားအစုံအလင် အဆင်သင့်ဖြစ်နေပြီလို့ ကွန်ပနီ အတည်ပြု
ဘိုင်ယန်မြူးနစ်နည်းပြဗင်းဆင့်ကွန်ပနီက လာမည့်တနင်္ဂနွေနေ့၊ဟော်ဖန်ဟိမ်းနဲ့ရင်ဆိုင်ရမယ့် အရေးကြီးပွဲစဉ်အတွက် အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ နူအာနဲ့ ဟယ်ရီကိန်းတို့ ပါဝင်ကစားနိုင်လိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။
ဟယ်ရီကိန်းနှင့် နူအာတို့က အခုရက်သတ္တပတ်အတွင်း ဖျားနာနေခဲ့ပေမယ့် ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားထိပ်ပိုင်းမှာရပ်တည်နေတဲ့ ဟော်ဖန်ဟိမ်းနဲ့ပွဲစဉ်အတွက် ပါဝင်ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
စနေနေ့သတင်းစာရှင်းလင်းပွဲအတွင်း ကွန်ပနီက သူ့ရဲ့အသင်းမှာ ကစားသမားအင်အား ပြန်လည်စုံလင်တော့မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
"အားလုံးပြန်ရောက်လာပါပြီ။ ကျွန်တော် ထင်ထားသလိုဖြစ်လာမယ်ဆိုရင် နူအာက ဒီနေ့မှာ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မှာဖြစ်ပြီး အသင်းမှာ ကစားသမားအားလုံး အဆင်သင့်ဖြစ်နေပါလိမ့်မယ်" လို့ ကွန်ပနီက ဆိုပါတယ်။
၎င်းက ဆက်လက်ပြီး "ဟယ်ရီကိန်းလည်း အစောပိုင်းမှာ နေမကောင်းဖြစ်ခဲ့ပေမယ့် အခုတော့ ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝနေပါပြီ။ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ကစားသမားတွေရဲ့ တက်ကြွမှုက အကောင်းဆုံးအခြေအနေမှာရှိနေပြီး အခုသီတင်းပတ်တစ်ခုလုံးကို ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ပါတယ်" လို့လည်း ဖွင့်ဟခဲ့ပါတယ်။