ကျွန်တော့်သူငယ်ချင်းတွေက အာဆင်နယ်ပရိသတ်တွေ မဟုတ်ပါဘူးလို့ ဆိုလိုက်တဲ့ အဲဗာတန်တိုက်စစ်မှူးဘာရီ
အဲဗာတန်တိုက်စစ်မှူး သီယာနိုဘာရီက ပြီးခဲ့တဲ့စနေနေ့ပွဲစဉ်အတွက် အာဆင်နယ်ပရိသတ်တွေဆီ ပွဲစဉ်လက်မှတ်တွေပေးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေကို မဟုတ်မှန်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
ဘာရီဟာ သူကိုယ်တိုင်လက်မှတ်ပေးပြီး ပွဲကြည့်စင်အဝေးကွင်းသီးသန့်နေရာမှာ ဖိတ်ခေါ်ထားတဲ့ သူ့ရဲ့သူငယ်ချင်းတွေကို အဲဗာတန်ရဲ့အဝေးကွင်းပရိသတ်တွေ တိုက်ခိုက်ခဲ့ကြမှုအပေါ် ပြန်လည်ဝေဖန်ခဲ့လို့ အပြန်အလှန်ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီတုံ့ပြန်မှုတွေထဲမှာ ဘာရီရဲ့သူငယ်ချင်းတွေက ပွဲနေ့မှာ အာဆင်နယ်ကို အားပေးနေကြတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ ဘာရီကတော့ အခုလိုစွပ်စွဲချက်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှတဆင့် အခုလို ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ "အခု ပျံ့နှံ့နေတဲ့ သတင်းတချို့က အမှန်တရား မဟုတ်ပါဘူး။ စွပ်စွဲနေကြသလိုမျိုး ကျွန်တော်က အာဆင်နယ်ပရိသတ်တွေဆီ ဘယ်တုန်းကမှ လက်မှတ်မပေးခဲ့ပါဘူး။"
"ကျွန်တော့်ကို အားပေးဖို့ ရောက်လာကြတဲ့သူတွေက ကျွန်တော့်ကစားသမားဘဝတစ်လျှောက်ကစားခဲ့တဲ့ ဘီဗာရန်၊ ဘေဆယ်လ်၊ ဗီလာရီးယဲလ်၊ အခု အဲဗာတန်အထိ ကလပ်အသင်းတိုင်းဆီ လိုက်လံအားပေးနေကြသူတွေ ဖြစ်ပါတယ်။ မနေ့ကဆိုရင် သူတို့ထဲက တချို့က ကျွန်တော့်နာမည်ပါတဲ့ အဲဗာတန်အသင်းဂျာစီကိုတောင် ဝတ်ဆင်ထားခဲ့ကြပါတယ်" လို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေတဲ့ ပွဲကြည့်စင်ရုပ်သံမှတ်တမ်းမှာလည်း သူ့သူငယ်ချင်းတွေ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ဘာရီက အခိုင်အမာပြောကြားခဲ့ပါတယ်။
အဲ့ဒီနောက် သူက "ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဘောလုံးလောကမှာ အကြမ်းဖက်မှုဆိုတာ မရှိသင့်ဘူးဆိုတာကို လူတိုင်းကို သတိပေးချင်ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။